တောင်သာရွေးကောက်ပွဲကော်မရှင်ရုံး အထောက်အထားတွေ သိမ်းဆည်းခံရ

2021.02.24

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးက ပစ္စည်းတွေကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကားနှစ်စီးနဲ့ လာရောက်သိမ်းယူသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ရုံး ကျနော်တို့ မြို့နယ်မှာက တောင်သာတမြို့လုံးရဲ့ မဲစာရင်းတွေကို အဲ့ဒီမှာ အကုန်လာအပ်ရတာလေ။ လာသယ်သွားတာ ခန့်မှန်းရသလောက်တော့ မဲစာရွက်တွေ ဖြစ်နိုင်တယ်ဗျ။ Light Truck ကားနဲ့ ပထမတခေါက် လာသယ်သွားတယ်ဗျ။ ဒုတိယတခေါက်ကျတော့ သူတို့စစ်ကားနဲ့ အပြည့်ပဲ။ အပြည့်သယ်တယ်။ သယ်ပြီးတော့ အပြင်ပြန်ထွက်တယ်။ ကော်မရှင်ရုံးရဲ့ ပရဝုဏ်အပြင်ဘက် ပြန်ထွက်ပြီးတော့ နောက်တခါ ကားကြီး ပြန်ဖင်ထိုးပြီးတော့ စာရွက်စာတမ်းအိတ်တွေ ပြန်ချတယ်။ ပြန်ချပြီးတော့ နာရီဝက်လောက် နေတော့ကျ သယ်သွားတဲ့ Light Truck ကားက ပြန်လာပြီးတော့ ဆာလာအိတ်တွေနဲ့ဟာ ပြန်လာချတယ်နော့်။ Light Truck တစီးအပြည့်ရယ်၊ စစ်ကားတစီးအပြည့်ရယ်။ စစ်သားကတော့ ယူနီဖောင်းဝတ်က ၃ ယောက်လောက်ပါတယ်။ အပေါ်က စွပ်ကျယ်၊ အောက်က စစ်ဘောင်းဘီနဲ့က ၂ ယောက်ပါတယ်။ ရဲထဲကတော့ အရာရှိ နှစ်ယောက်ပါတယ်။ စစ်သားက ၄ ယောက်လောက် ပါတယ်။ မိန်းမက ၃ ယောက်လောက်ပါတယ်။ အဆောက်အဦးရဲ့ ဝင်ပေါက်ရှေ့မှာပဲ လုံခြုံရေးရှိတယ်။ ကျန်တဲ့နေရာမှာ မရှိဘူး။ အဲဒီသယ်သွားတဲ့ပစ္စည်းတွေကို ပထမတခေါက်မှာ ထွေအုပ်ရုံးကို ပို့တယ်လို့ ပြောတယ်ဗျ။”

တောင်သာမြို့နယ် တန်းမြင့်ကျောင်းရပ် အမှတ် (၃) မှာရှိတဲ့ မြို့နယ်ရွေးကောက်ပွဲရုံးမှာ မဲလက်မှတ် အထောက်အထားတွေကို သိမ်းဆည်းထားပြီး၊ အာဏာပိုင်တွေ လာသယ်သွားတာဟာ မဲလက်မှတ် စာရွက်တွေ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ယူဆကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်နဲ့ အတွင်းရေးမှူး ဒေါ်ပြုံးကြည် တို့ နှစ်ဦးကို ဖမ်းဆီးသွားပြီး၊ အခုချိန်ထိ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
တရုတ်မယားအဖြစ် ရောင်းစားခံရသူတစ်ယောက်အကြောင်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။