ထိုင်းနယ်စပ်ဒုက္ခသည်စခန်း လူဦးရေများလာလို့ ရိက္ခာခက်ခဲ
2024.04.30
ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာရှိတဲ့ လော့ခေါ် စစ်ဘေးဒုက္ခသည်စခန်းမှာ စစ်ဘေးဒုက္ခသည်တွေအပြင် စစ်မှုမထမ်းချင်လို့ မြို့ပေါ်က ထွက်ပြေးလာတဲ့ လူငယ်တွေပါ တိုးလာနေလို့ စားရေးသောက်ရေး ခက်ခဲနေပါတယ်။
လော့ခေါ် ဒုက္ခသည်စခန်းမှာ အရင်က တိုက်ပွဲရှောင်ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေပဲရှိတာပါ။
အခုနောက်ပိုင်းမှာတော့ စစ်မှုမထမ်းချင်လို့ ထွက်ပြေးလာတဲ့ မြို့ပေါ်က လူငယ်တွေပါ ဒီစခန်းထဲ ရောက်လာပါတယ်။
လူတွေပိုများလာလေလေ စားဖို့သောက်ဖို့ကလည်း ခက်ခဲလာနေတယ်လို့ အဲဒီစခန်းရဲ့ လက်ထောက်တာဝန်ခံ ဒေါ်ဥမ္မာက ပြောပါတယ်။
“လောလောဆယ် ကျွန်မတို့အတွက် အရေးကြီးတာတော့ ရိက္ခာပဲအရေးကြီးတယ်၊ ရိက္ခာပဲရလို့ကတော့ ကျွန်မတို့အတွက် အသက်ရှင်လို့ရရင် တော်ပြီပေါ့နော်၊ အဲလိုမျိုးပဲ၊ အဲလောက်ပဲ ကျွန်မတို့လည်း တောင်းဆိုချင်ပါတယ်၊ တခြားအရာတွေလည်း ကျွန်မတို့မတောင်းဆိုချင်တော့ပါဘူး”
အရင်က ဒီစခန်းမှာ အိမ်ထောင်စုပေါင်း ၆၆ စုပဲရှိပါတယ်။ အခုတော့ စစ်မှုမထမ်းချင်လို့ နယ်စပ်ဘက်ရှောင်ထွက်လာတဲ့သူ အယောက် ၄ဝ ကျော် တိုးလာတာကြောင့် လတ်တလော အိမ်ထောင်စု ၇၇ စု လူဦးရေ ၂၉ဝ ကျော်ထိ ရှိနေပါပြီ။
စစ်မှုမထမ်းချင်လို့ ရောက်လာသူတွေထဲ အသက် ၂ဝ အရွယ် ကိုအောင်နိုင်ဦးလို လူငယ်တွေလည်း ပါပါတယ်။ သူက ဘောလုံးဂိုးသမားတစ်ယောက်ပါ။ မြန်မာ့လက်ရွေးစင် လူရွေးပွဲဝင်နေရင်းက ဒီဘက်ထွက်ပြေးလာတာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်ဝါသနာပါတဲ့ ဘောလုံးအားကစားနည်းကို ကျွန်တော့်ရဲ့နာမည် ကျွန်တော့်ရဲ့ကျောနံပါတ်နဲ့ ဒီမြန်မာပြည်သူတွေရဲ့ အရှေ့မှာ အကောင်းဆုံးလုပ်ပြတဲ့ ခံစားချက်ကို ခံစားချင်သေးတယ်၊ နိုင်ငံအတွက်ကစားပြီးတော့ ထိုင်းမှာရှိတဲ့ League One, League Two တို့မှာလည်း ကစားချင်သေးတယ် တစ်ချိန်ကျရင် ဒီအနာဂတ်တွေ အိပ်မက်တွေကို အကောင်အထည် ပြန်ဖော်မယ်လို့ စိတ်ကူးထားတယ်”
ကိုအောင်နိုင်ဦးလို ဒီစခန်းကိုရောက်လာသူတွေထဲ တချို့က တစ်ကိုယ်ရည်တစ်ကာယ သမားတွေဖြစ်ပေမဲ့ တချို့ကတော့ မိသားစုလိုက် ရှောင်ထွက်လာတာပါ။
ဒီစခန်းဟာ စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့တွေကနေ အလှူအတန်းတွေ ရတက်ပေမဲ့လည်း အခုလူတွေတိုးလာလို့ အဲဒီအကူအညီနဲ့တင် မလောက်တော့ပါဘူး။
ဒါကြောင့် အဲဒီကိုရောက်လာတဲ့ ကိုအောင်နိုင်ဦးတို့လို၊ ကိုစောအောင်သက်နိုင်တို့လို လူငယ်တွေဟာ တစ်ဘက်ကမ်း ထိုင်းနိုင်ငံထဲကူးပြီး သွားအလုပ်လုပ်ကြပေမဲ့ ထိုင်းရဲတွေ ဖမ်းမှာကိုလည်း ကြောက်နေရပြန်ပါတယ်။
“ပုလိပ်တွေနဲ့တွေ့လို့ စစ်မေးပြီးအဖမ်းခံရမယ်ဆိုရင်တော့ ဘယ်လိုပြောမလဲ ပြန်ပို့ခံရတာရှိတယ်၊ တချို့ကျတော့ ဒဏ်ကြေးရိုက်ခံရတာ ရှိတယ်၊ အဲလိုမျိုး ဒဏ်ကြေး ၄၀ ဆိုလည်း ၄၀၊ ၅၀ ဆိုလည်း ၅၀ တောင်းတယ်၊ အဲလိုမျိုးပေးလိုက်တယ်ဆိုရင် ပြန်လွှတ်ပေးတယ်၊ မပေးဘူးဆိုရင်တော့ ပြန်ပို့တယ်၊ အဲလိုမျိုးပြန်ပို့ရင်တော့ ကျွန်တော်တို့ ရည်ရွယ်ချက်ပန်းတိုင်ကတော့ သေသွားပြီ။"
အာဏာသိမ်းအစောပိုင်း ၂ဝ၂၁ ခုနှစ်ကုန်ပိုင်းမှာ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တာကြောင့် အဲဒီကဒေသခံတွေ ထွက်ပြေးလာပြီး ဒီစခန်းကို ဆောက်ထားတာ အခုဆိုရင် နှစ်နှစ်ကျော်လောက်ရှိပါပြီ။ အဲဒီစခန်းမှာ ရောက်နေတာကြာပြီဖြစ်တဲ့ ဒေါ်ဝေဝေသန်းကတော့ ရှိတာလေး ချွေတာဝေမျှစားရင်း အိမ်ပြန်ရမဲ့နေ့ကို စောင့်မျှော်နေပါတယ်။
“စားဖို့ရိက္ခာတွေ တစ်ခါတလေကျ မလုံမလောက်ဘူးပေါ့နော်၊ မိသားစုက များတယ်ဆိုတော့.. ပြန်ချင်တာပေါ့ကွယ် ကိုယ့်ရွာ ကိုယ့်ဒေသတော့ ကိုယ်ပြန်ချင်တာပေါ့ ပြန်လို့မှမရတာ”