ထိုင်းရောက်မြန်မာတွေ စစ်ကောင်စီကို ဝင်ငွေခွန်မဆောင်နိုင်ကြောင်း ကန့်ကွက်
2023.12.17
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ဝင်ငွေထဲက အခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်ဖို့ စစ်ကောင်စီသံရုံးက ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာအလုပ်သမားတွေ စုဝေးပြီး ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သား စတဲ့သူတွေရဲ့ လစဉ်ဝင်ငွေကို ဘတ် ၇၅၀၀ နှုန်း သတ်မှတ်ပြီး ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ဘတ် ၁၅ဝ လစဉ် ပေးသွင်းရမယ်လို့ ဘန်ကောက်မြို့ စစ်ကောင်စီသံရုံးက ဒီဇင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
ထိုင်းနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမား နှစ်သန်းကျော်ရှိတဲ့အတွက် စစ်ကောင်စီအနေနဲ့ ထိုင်းဘတ်ငွေ သန်း ၃ဝဝ ကျော် ရရှိနိုင်ကြောင်း၊ ဒီငွေတွေကို စစ်ကောင်စီက ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို တိုက်ခိုက်ရာမှာ အသုံးပြုနိုင်တဲ့ အတွက် အခုလိုကန့်ကွက်ရတာလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ Bright Future - တောက်ပသော အနာဂတ်အဖွဲ့က ကိုဆူရတ်က ပြောပါတယ်။
“နှစ်ရာခိုင်နှုန်းကို လုံးဝမလိုလားကြောင်း ဆန့်ကျင်ကြောင်း ကမ္ဘာကြီးကို ချပြဖို့ ဖြစ်တယ်။ ထိုင်းအစိုးရကို တောင်းဆိုထားတာတွေလဲ ပါတယ်။ NUG နဲ့လက်တွဲဖို့ PDF နဲ့လက်တွဲဖို့၊ စစ်ကောင်စီနဲ့လုံးဝ လုံးဝ အလုပ်မလုပ်ဖို့။ စစ်ကောင်စီကို လေယာဉ်ဆီမရောင်းဖို့လဲ ပါတယ်။ ဘာလို့လဲဆိုရင် အဲဒီလေယာဉ်ဆီတွေက ကျွန်တော်တို့ ပြည်သူတွေကို သတ်ခြင်းဖြစ်တယ်။ ဒါကြောင့် ဒီ နှစ်ရာခိုင်နှုန်းကို ဆန္ဒပြရခြင်းဖြစ်ပါတယ်”
အခုလို ပေးဆောင်သူတွေအနေနဲ့ ဘတ် ၁၅ဝ အခွန်ပေးတာနဲ့ လစဉ် ဘတ် ၇၅၀၀ နဲ့ညီမျှတဲ့ မြန်မာငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိမှာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်ချိန်မှာ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကား စတာတွေ ဝယ်ယူရာမှာ ဝင်ငွေခွန် လျှော့ပေါ့ပေးမယ်လို့ မြန်မာသံရုံးက ဆိုပါတယ်။
အလုပ်သမားတစ်ဦးဖြစ်တဲ့ မနှင်းယုနွယ်ကတော့ စစ်ကောင်စီရဲ့ ပြောဆိုချက်အပေါ် ယုံကြည်မှုမရှိဘူးလို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲကို ဘန်ကောက်မြို့နဲ့ အနီးတစ်ဝိုက်က မြန်မာအလုပ်သမားတွေ အလုပ်သမားအရေးလှုပ်ရှားသူတွေနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစု စုစုပေါင်း နှစ်ရာနီးပါး တက်ရောက်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ မြန်မာအလုပ်သမား ကိုမိုးသက်က ထိုင်းနိုင်ငံမှာ ဒုက္ခအခက်အခဲတွေနဲ့ နေနေရတဲ့ သူတို့အလုပ်သမားတွေကို အခုလို အခွန်ကောက်တဲ့အပေါ် လုံးဝလက်မခံနိုင်ဘူးလို့ ပြောပါတယ်။
ဒီလိုဝင်ငွေခွန်ထမ်းဆောင်တဲ့ အလုပ်သမားတွေကို အခွန်ပေးသွင်းတဲ့ အထောက်အထားလက်မှတ် ထုတ်ပေးနေပြီး ဒီလက်မှတ်ကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ အဟောင်းကနေ အသစ်ကို လဲလှယ်တာ၊ အလုပ်သမား သက်သေခံကတ်ပြား၊ ထောက်ခံစာ စတဲ့ အထောက်အထားစာရွက်စာတမ်းတွေလုပ်တဲ့အခါ ပြသရမယ်လို့ ဘန်ကောက်မြို့သံရုံးက ဒီဇင်ဘာ ၁၄ ရက်နေ့က ထပ်မံထုတ်ပြန်ပါတယ်။
ဒါဟာ မြန်မာလုပ်သားတွေကို ဖိအားပေးတာလို့ အလုပ်သမားတွေက ပြောကြပါတယ်။ ထိုင်းရောက် မြန်မာအလုပ်သမား အင်အားစုအဖွဲ့က မမေလဒီက စစ်ကောင်စီဟာ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရမဟုတ်တဲ့အတွက် အခွန်ပေးဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
မြန်မာအလုပ်သမားအရေး၊ စစ်ဘေးရှောင်တွေအရေး ပရဟိတကူညီဆောင်ရွက်သူ တစ်ဦးဖြစ်တဲ့ ကိုစိုးတင့်ဝေကလည်း မြန်မာစစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ဒီလိုဖိနှိပ်မှုတွေကို ကမ္ဘာက သိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
မနေ့က ဆန္ဒပြပွဲမှာ စစ်အာဏာရှင်အလိုမရှိ၊ အာဏာရှင် ကျဆုံးပါစေ ကြွေးကြော်သံတွေနဲ့ အတူ သွေးသစ္စာ သီချင်းကိုလည်း လှုပ်ရှားမှုမှာ ပါဝင်သူတွေက သံပြိုင်သီဆိုခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနကလည်း ဒီဆန္ဒပြပွဲကို ထောက်ခံကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ မြန်မာအလုပ်သမားတွေက စစ်ကောင်စီရဲ့ အခွန်ကောက်မယ့်ကိစ္စကို သဘောမတူကြောင်း လက်မှတ်တွေကောက်ခံခဲ့ပြီး ဒီသဝဏ်လွှာကို ထိုင်းအစိုးရနဲ့လွှတ်တော်အထိ ပေးပို့သွားမယ်လို့ ဆိုပါတယ်။
ဒီဆန္ဒပြပွဲမှာ - ထိုင်းအစိုးရက မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်လူသားချင်းစာနာမှုအကူအညီတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အာဆီယံနိုင်ငံတွေအနေနဲ့လည်း မြန်မာနယ်စပ်တစ်လျှောက်မှာ လူသားချင်းစာနာမှုအကူအညီပေးရေး စင်္ကြံတွေ ဖွင့်လှစ်ပြီး စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ထဲမှာ ပါဝင်တဲ့ အပစ်အခတ် ချက်ချင်းရပ်စဲရေးနဲ့ နံပါတ်လေး လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စကို အကောင်အထည်ဖော်ဖို့ အပါအဝင် အမေရိကန်လောင်စာဆီ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Exxon Mobile က မြန်မာစစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချတာတွေ ချက်ချင်းရပ်ဆိုင်းဖို့တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။