သံတောင်မြို့ခံ ရှစ်ထောင်ခန့် နေရပ်မပြန်နိုင်သေး
2023.03.10
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်ကနေ ၃၀ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြို့ပေါ်ဒေသခံ ရှစ်ထောင်ဝန်းကျင် ဘေးလွတ်ရာထွက်ပြေးခဲ့ရပါတယ်။
သံတောင်မြို့ဟာ ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ (၁၃) မိုင်သာကွာဝေးပြီး အပန်းဖြေစခန်း ရှိတာကြောင့် အရင်က ခရီးသွားတွေ လာရောက်လေ့ရှိပေမယ့် အခုဆိုရင် ဒေသခံတွေတောင် မနေရဲတော့တာ တစ်လကျော်လာပါပြီ။
"တပ်က နောက်ကနေ လိုက်ရှင်းတယ်။ လိုက်ရှင်းအခါမှာ အပြန်အလှန် ပစ်ကြတာ။ ပစ်ရင်းနဲ့ မီးလောင်တယ်”
ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ် စခန်းကုန်းတစ်ခုကို အမည်မသိ အဖွဲ့တစ်ခုက အဝေးပစ် သေနတ် (စနိုက်ပါ) နဲ့ ပစ်ခဲ့လို့ စစ်ကောင်စီတပ်သားတချို့ သေဆုံးခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတာလို့ ထွက်ပြေးနေရတဲ့ သံတောင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အမှန်ကတော့ တကယ့်တိုက်ပွဲကြီးတွေ ဖြစ်တာလည်းမဟုတ်ဘူး။ စစ်တပ်ထဲက တစ်ယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့လို့ပဲ ပြောရမှာပေါ့ ကျနော်တို့လည်း မသိဘူး။ အဲဒါကို ပစ်လိုက်တော့ သူတို့ဘက်က တစ်ယောက်ကျသွားတယ်။ အဲလိုဖြစ်ပြီးနောက်ပိုင်းမှာ သူတို့က လက်နက်တွေ တောက်လျှောက်ပစ်တာပေါ့။ မြို့ထဲကို သုံးရက်တိတိ သူတို့ပစ်တာပေါ့။ လူတွေက ကြောက်ပြီးတော့ ရှောင်ပြေးကြတာပေါ့”
အိမ်မှာ မွေးထားတဲ့ ကြက်၊ ဝက်နဲ့ တိရိစ္ဆာန်တချို့ကို အစားပြန်ကျွေးဖို့ ခဏသာပြန်ပေမယ့် သံတောင်မြို့မှာ ပြန်နေထိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း သံတောင်မြို့၊ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ ရှင်မာကုဘုရားကျောင်းထဲကို တိုက်ပွဲမရှိဘဲ (၄၀) မမ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ ဘုရားကျောင်း အနည်းငယ် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်လေးခုက ဒေသခံရှစ်ထောင်ဝန်းကျင်ဟာ အနီးစပ်ဆုံး သံတောင်ကြီးမြို့နယ်ထဲက ပျားစခန်းရွာ အပါအဝင် တောင်ငူမြို့ပေါ်နဲ့ ရွာတချို့ကို ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အများဆုံးကတော့ ပျားစခန်းမှာနေကြတယ်။ ဥယျာဉ်ခြံတွေထဲမှာလည်း နေကြတယ်။ နောက်နီးစပ်ရွာတွေဖြစ်တဲ့ ညောင်ပင်စခန်း၊ သူဌေးကုန်းရွာလည်း နေကြတယ်။ ရွှေညောင်ပင်၊ သံတောင်ကြီးမှာလည်း ပြန့်ကျဲနေကြတယ်။ ဘောဂလိလမ်းဘက်မှာ ဆိုရင် ဥသျှစ်ကုန်း၊ ချောင်းနှစ်ခွဘက်မှာလည်း နေထိုင်နေကြတယ်။ အောက်ဘက်မှာ ဆိုရင်တော့ မအူတောရှိတယ်။ ကျောက်တိုင်ရှိတယ်။ ရေဆင်းကုန်း၊ နောက်တောင်ငူမှာ လူတွေက အကုန်လုံး ပြန့်ကျဲပြီးတော့ နီးစပ်ရာဆွေမျိုးတွေဆီမှာ နေထိုင်နေကြရ တာပေါ့”
အချို့ကတော့ မြို့နဲ့တစ်နာရီအတွင်းသာ သွားရတဲ့နေရာတွေမှာ လက်ရှိနေကြပြီး မြို့အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်သလို သူတို့ကို အရပ်ဘက်အဖွဲ့အစည်း တွေကပဲ ကူညီပေးနေကြတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း ရာဘာခြံထဲအသွားမှာ အဖမ်းခံခဲ့ရတဲ့ သံတောင်မြို့ခံ စောခွားဒို (နာမည်လွှဲ) က သူပြန်လွတ်လာပေမယ့် မနေရဲတော့လို့ နေအိမ်နဲ့ ခြံလုပ်ငန်းကို ပစ်ထားပြီး တောင်ငူမြို့မှာ ပြောင်းရွှေ့နေရတယ်လို့ RFA ကို ပြောပါတယ်။
“ဒီစစ်ကောင်စီ ကျရှုံးပါစေလို့။ အဲဒါမှ ကျနော်တို့ပြည်သူတွေလည်း အေးအေးဆေးဆေး ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်ခြံနဲ့ကိုယ်၊ ကိုယ့်မိသားစုနဲ့ကိုယ် သိုက်သိုက်ဝန်းဝန်း ပြန်နေလို့ရမှာ”
ဒေသခံတွေနေရပ်ပြန်လာနိုင်ဖို့ မြို့နယ်အုပ်ချုပ်ရေး၊ စစ်ကောင်စီတပ်နဲ့ ဘာသာရေး အသင်းအဖွဲ့တွေ ညှိနှိုင်းလုပ်ဆောင်နေပေမယ့် လက်နက်ကြီးပစ်ခတ်မှုနဲ့ နေအိမ် မီးရှို့ခံမှုတွေ မကြာခဏရှိနေတာကြောင့် ပြန်နေဖို့ မဖြစ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေနေရပ်ပြန်နိုင်ရေး ကူညီပေးနေသူတစ်ဦး ကလည်း ဒေသခံတွေ ဘေးကင်းလုံခြုံစွာနဲ့ ပြန်နေထိုင်နိုင်ဖို့ တောင်းဆိုထားပေမယ့် အပစ်အခတ်တွေရှိနေလို့ ပြန်နေမရသေးတာလို့ RFA ကို ပြောပါတယ်။
“တပ်နယ်မှူးနဲ့တွေ့ပြီး ကျနော်တို့ ဘေးကင်းကင်း၊ လုံလုံခြုံခြုံ၊ အေးချမ်းစွာ နေချင်တယ်ဆိုတာကို တောင်းဆိုပါတယ်။ ကူညီပေးပါလို့ တင်ပြတောင်းဆိုခဲ့ပါတယ်။ ကြားမှာပစ်ခတ်တာတွေ ဆက်မရှိရင်တော့ ကျနော်တို့ ပြန်ပြီးနေနိုင်ဖို့ အခြေအနေ ရှိတယ်ပေါ့နော်။ အဲလိုအခြေအနေကြားမှာ အပစ်အခတ်ထပ်ရှိလာတဲ့အခါကျတော့ ရွာသားတွေက ယုံကြည်မှုတွေ၊ လုံခြုံမှုတွေမရှိလို့ အခုလောလောဆယ်ထိကို ပြန်မနေနိုင်ကြဘူးပေါ့”
ဇန်နဝါရီလထဲမှာ သံတောင်မြို့ KNU ဥက္ကဋ္ဌ ဦးထွန်းကဲ နေအိမ်နဲ့ KNLA-PC က ကျောင်းဆရာတစ်ဦးရဲ့ နေအိမ်မီးရှို့ခံခဲ့ရသလို ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း အမှတ် (၁) ရပ်ကွက်က နေအိမ်ရှစ်လုံး မီးရှို့ခံခဲ့ရပါတယ်။
မတ်လ ၄ ရက်နေ့ကလည်း အမှတ် (၂) ရပ်ကွက်က နေအိမ်ခြောက်လုံးနဲ့ အမှတ် (၃) ရပ်ကွက်က အိမ်သုံးလုံး မီးရှို့ခံခဲ့ရပြီး အရှို့ခံရတဲ့အိမ်အများစုဟာ ကျောင်းဆရာ၊ ဆရာမနဲ့ ခရစ်ယာန် အမှုတော်ဆောင်အိမ်တွေလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ သံတောင်မြို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတစ်ဦးကတော့ စစ်ကောင်စီတပ်ကို လာပစ်သူတွေနောက် လိုက်လံရှင်းလင်းရင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရာက နေအိမ်တွေမီးလောင်တာလို့ RFA ကို ပြောပါတယ်။
“ဟိုကောင်တွေက စနိုက်ပါနဲ့ လာပစ်၊ ဟိုဟာနဲ့လာပစ် လာပစ်ကြတယ်။ လာပစ်တဲ့ အပေါ်မှာ တစ်ဖက်ကနေ ပြန်ပစ်ကြတယ်။ ဒီအပေါ်မှာမူတည်ပြီး တချို့ဒေသခံတွေ ကျန်ခဲ့တာတွေ ရှိတယ်လေ။ ဒေသခံတွေအထဲမှာမှ အေးအေးချမ်းချမ်း နေချင်တဲ့ သူလည်း အများစုရှိပါတယ်။ ရှိတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သတင်းပေးတာပေါ့ဗျာ။ ဒီနားမှာရှိတယ်၊ ဒီလူတွေ ဒီလိုပစ်ပြီး ပြေးသွားတယ်၊ ပြောကြတယ်။ ပြောကြတဲ့ အပေါ်မှာမှ တပ်က နောက်ကနေ လိုက်ရှင်းတယ်။ လိုက်ရှင်းအခါမှာ အပြန်အလှန် ပစ်ကြတာ။ ပစ်ရင်းနဲ့ မီးလောင်တယ်”
မီးလောင်တာဟာ တိုက်ပွဲဖြစ်တဲ့အချိန်သာဖြစ်ပြီး လက်ရှိ သံတောင်မြို့မှာ အေးအေးချမ်းချမ်း ရှိနေတယ်လို့လည်း သံတောင်မြို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူက ဆိုပါတယ်။
စစ်တပ်အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ်၊ မတ်လကုန်အထိ လူဦးရေသန်းခေါင်စာရင်းအရ သံတောင်ကြီးမြို့နယ်မှာ ဒေသခံ ကိုးသောင်းနီးပါး (၈၈၇၂၈) ဦးရှိပြီး မြို့ပေါ်ဧရိယာမှာ နှစ်သောင်းနီးပါး (၁၈၄၇၇) နဲ့ ကျေးလက်မှာ ခုနစ်သောင်းကျော် (၇၀၂၁၅) ဦးရှိပါတယ်။
သံတောင်မြို့မှာတော့ ရပ်ကွက်လေးခုနဲ့ ဒေသခံ ရှစ်ထောင်ဝန်းကျင် နေထိုင်ကြပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ကရင်ပြည်နယ်မှာ ဒေသခံ တစ်သိန်းကျော် (၁၀၅၀၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။