မောင်တောနယ်က သက်တိုင်းရင်းသားတွေရဲ့ နေ့စဉ်ဘဝ
2023.10.20
ရခိုင်မျိုးနွယ်စုဝင်တွေထဲက သက်တိုင်းရင်းသူ တစ်ယောက်ဖြစ်တဲ့ အသက် (၃၀) ကျော်အရွယ် ဒေါ်နန္ဒာဝင်းတစ်ယောက် မနက်အရုဏ်တက်တာနဲ့ စျေးရောင်းဖို့ ဝယ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ညမအိပ်ခင်အထိ ပြင်ဆင်နေတာပါ။
ပြင်ဆင်ထုပ်ပိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို မနက်ပိုင်း အရုဏ်တက်ချိန် ၃ နာရီခွဲတာနဲ့ အငှားယာဉ်သုံးဘီးပေါ်ကိုတင်ပြီး မောင်တောမြို့ အမှတ် (၄) ရပ်ကွက်က ဘောလုံးကွင်းစျေးမှာ သွားရောင်းမှာပါ။
“ကျွန်မတို့ အခုလက်ရှိလုပ်နေတာက အသီးအရွက်တွေ သူများတွေဆီကတစ်ဆင့် ဝယ်ပြီးမှ မောင်တော မြို့စျေးကြီးမှာ သွားရောင်းတာပါ။ ဒါပေမဲ့လည်း အဆင်မပြေဘူး။ ရောင်းစားရတာတွေက ခက်ခဲတယ်။ ဒါပေမဲ့ လုပ်စရာမရှိတော့ အလုပ်က ရှားတယ်။ ရှားတော့ အဲဒါမျိုးတွေပဲ လုပ်နေရတာပေါ့”
သူတို့မိသားစုဟာ မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က သက်တို့ဌာနေ ဝေလာမြေလို့ တင်စားခေါ်ကြတဲ့ ဝေလာတောင်ရွာဇာတိဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ပဋိပက္ခကြောင့် နေရပ်စွန့်ခွာပြီး မောင်တောမြို့နဲ့ လေးမိုင်လောက်ဝေးတဲ့ မကျည်းကုန်းရွာမှာ မိသားစုလိုက် အခြေချနေလာတာပါ။
“အရင်တုန်းက စျေးတောင် မရောင်းဖူးဘူး တစ်ခါမှ။ အခုစားဝတ်နေရေးအတွက်နဲ့ လုပ်နေရတာ”
သူ့ခင်ပွန်းဟာ ဝန်ထမ်းတစ်ယောက်ဖြစ်ပေမယ့် ဝန်ထမ်းလစာနဲ့ မိသားစု ရှစ်ယောက်အတွက် မဖူလုံတာကြောင့် အခုလို စျေးရောင်းနေရတာပါ။ အရင်းအနှီးကို သူများတွေဆီကချေးငှားပြီး ရောင်းချနေရပေမယ့် ရောင်းမကောင်းတဲ့နေတွေမှာ အရင်းအနှီးငွေနဲ့ စားဝတ်နေရေး ဖြေရှင်းရတဲ့နေ့တွေလည်း ရှိတယ်လို့ဆိုပါတယ်။
“မကျည်းကုန်းရွာကိုရောက်ပြီးမှပဲ ဒီလိုမျိုးအလုပ်တွေ အရင်းအနှီးတွေ နည်းနည်းရှာပြီးမှ လုပ်ပြီးတော့ အမှတ်တရတစ်ခုလည်းဖြစ်တာပေါ့။ ဒီအရင်းအနှီးလုပ်ဖို့အတွက် သူများတွေဆီက ချေးပြီးမှလုပ်ရတာပေါ့။ အသီးအရွက်တွေဝယ်တဲ့ အရင်းအနှီးက တစ်သိန်းလောက်ရင်းလိုက်မှ နှစ်သောင်းလောက်ပဲ မြတ်တာပါ။ အဆင်မပြေတဲ့နေ့လည်း ရှိပါတယ်။ အမြဲတမ်း သွားရောင်းလို့ မြတ်တာတော့ မရှိပါဘူး။ အရင်းအနှီးထဲက စားဖို့ သောက်ဖို့ မိသားစုအတွက် ဝယ်လာရတာလည်း ရှိတာပေါ့”
မူလနေရာတုန်းက မိရိုးဖလာ ကိုယ်ပိုင် လယ်ယာစိုက်ပျိုးတဲ့လုပ်ငန်းနဲ့ အခက်အခဲမရှိခဲ့ပေမယ့် မကျည်းကုန်းရွာမှာ အခြေချခဲ့တဲ့အချိန်မှာတော့ ကိုယ်ပိုင် လယ်ယာမြေ မရှိတော့လို့ ဟင်းသီးဟင်းရွက် ရောင်းတဲ့အလုပ်နဲ့ နေ့တဒူဝ ရုန်းကန်နေရတာပါ။
မကျည်းကုန်းရွာက လူတွေဟာ စိုက်ပျိုးရေးကိုပဲ အဓိကအားပြုပြီး အသက်မွေးဝမ်းကျောင်းပြုရပါတယ်။ ဒါပေမဲ့ နေရပ်စွန့်ခွာ လိုက်ရတဲ့သူတွေအတွက် ကိုယ်ပိုင်လယ်ယာမြေတွေ မရှိတော့တာကြောင့် ငှားရမ်းလုပ်ကိုင်ကြရသူတွေလည်း ရှိပါတယ်။
အဲဒီအထဲမှာ တောင်သူတစ်ဦးဖြစ်တဲ့ အသက် ၃၇ အရွယ် ကိုအေးထွန်းလည်း တစ်ယောက်အပါအဝင်ပါ။
“ဝေလာမှာနေတုန်းက အဲဒီမှာ ကိုယ့်လယ်ရယ် တောင်ယာလုပ်ငန်းရယ် စိုက်ပျိုးရေးတွေပေါ့ လုပ်ရတယ်။ ကျွန်တော်တို့ အဲဒီကနေ ရောက်လာတဲ့အချိန်မှာ လုပ်ရကိုင်ရတာ ဘယ်သူ့ကို အကူအညီ တောင်းရမှန်းမသိ ကျပန်းပေါ့ အဲလိုမျိုးလုပ်တယ်။ အခုက လက်ရှိပေါ့ သူများတွေဆီက မြေကွက်တွေ အဲဒီလိုမျိုး ငှားရမ်းပြီးတော့ အဲဒီလိုမျိုးစိုက်ပျိုးရေး လုပ်ငန်းတွေလုပ်တယ်။ ထွက်လာတဲ့ အသီးအနှံတွေကျရင် မိန်းမက မောင်တောမှာသွားပြီး အဲဒီလိုမျိုးရောင်းတာပေါ့”
ကိုအေးထွန်းရဲ့ဇနီး အသက် ၃၀ ကျော်အရွယ် ဒေါ်အေးသာစိန်ဟာ စျေးရောင်းတဲ့အလုပ်ကို အရင်ကမလုပ်ဖူးခဲ့ပေမယ့် မိသားစု ၅ ယောက်ရဲ့ ဝမ်းရေးအတွက် ဟင်းသီးဟင်းရွက်ရောင်းပြီး ဝင်ငွေရှာနေရသူပါ။ တခြားဝင်ငွေရနိုင်မယ့် အလုပ်အကိုင်မရှိတာကြောင့် ဒီအလုပ်ကိုပဲ လုပ်နေရတာလို့ သူကပြောပါတယ်။
“တစ်ရက်မှာ တစ်သောင်းရတဲ့နေ့လည်း ရှိတယ်။ ငါးထောင်ရတဲ့နေ့လည်း ရှိတယ် အဲဒီလိုပဲ။ မိသားစုက ငါးယောက်ပါ။ တစ်နေ့တာဝင်ငွေ အဆင်ပြေတဲ့နေ့လည်း ရှိတယ်။ မပြေတဲ့နေ့လည်း ရှိတယ်။ ရတာကို နည်းနည်းပါးပါး ချွေတာပြီး သုံးစားရတာပေါ့။ အရင်တုန်းက စျေးတောင် မရောင်းဖူးဘူး တစ်ခါမှ။ အခုစားဝတ်နေရေးအတွက်နဲ့ လုပ်နေရတာ။ မလုပ်ဖူးဘူး။ မလုပ်ဖူးလည်း လုပ်နေရတာပဲ”
မောင်တောမြို့ကို သုံးဘီးငှားပြီး ဟင်းသီးဟင်းရွက်တွေကို သယ်ရတဲ့အတွက် စျေးရောင်းလို့ရလာတဲ့ ဝင်ငွေနဲ့ ခရီးစရိတ် မကာမိလို့ မိသားစုအတွက် မကျန်တဲ့နေ့တွေလည်း ရှိတာကြောင့် သားသမီးတွေအတွက် ပူပင်သောက များရတယ်လို့ သူကပြောပါတယ်။
“တက္ကစီခက အသွားသုံးထောင် အလာသုံးထောင်။ စျေးရောင်းလို့ရတာက ပိုက်ဆံတစ်သောင်းပဲ ရတယ်။ အဲဒါကို တက္ကစီခပေးလိုက်ရင် ကိုယ့်အတွက်က တစ်သောင်းရတဲ့နေ့ဆိုရင် ငါးထောင်ပဲ ကျန်ခဲ့တယ်။ အဲဒီငါးထောင်နဲ့ ကိုယ့်သားသမီးတွေကို ပြေလည်အောင် ဖြေရှင်းရတာပေါ့။ အဲဒီက စျေးကပြန်ရောက်ရင် ထမင်းဟင်းချက် ချက်ပြီးတော့ စားတယ်။ နည်းနည်းပါးပါး နားတယ်။ နားလို့ပြီးရင် ဟင်းတွေ ဘာတွေ သွားရှာရတယ်။ မနက်မိုးလင်းရင် သွားရောင်းဖို့အတွက် အဲဒီလိုပဲ ရုန်းကန်ရတာပေါ့။ အဆင်မပြေတဲ့နေ့ကျရင်တော့ နည်းနည်းတော့ စိတ်ထဲမှာ ခံစားရတာပေါ့။ သြော် သားသမီးတွေကို ဘယ်လိုကျွေးမလဲ”
နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူတွေဟာ မူလနေရာကိုပြန်ချင်ကြပေမယ့် လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိလို့ ကိုယ့်ဒေသကို ကိုယ်မပြန်နိုင်တာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဦးလှထွန်းကျော်ကပြောပါတယ်။
“၂၀၁၇ အရေးအခင်းနဲ့ပတ်သက်ပြီးမှ ထွက်ပြေးလာတဲ့ရွာတွေကတော့ အများဆုံးကတော့ ဝေလာပေါ့။ တိုင်းပြည်ရဲ့ အခြေအနေက ၂၀၁၇ နောက်ပိုင်းမှာ ပြည်တွင်းရဲ့ တည်ငြိမ်အေးချမ်းမှုက လုံခြုံစိတ်ချရတဲ့ အခြေအနေ မရှိလို့လည်း ကိုယ့်ဒေသကို ကိုယ်မပြန်နိုင်တာပါ။ ဒီကိုရောက်ပြီးမှတော့ လယ်ယာမြေလုပ်ဖို့ကလည်း ကိုယ်ပိုင်လယ်မရှိဘူး။ တောင်ယာလုပ်မယ်ဆိုရင်လည်း ဒီ လေးမိုင်ဧရိယာက နိုင်ငံတော်အစိုးရပိုင်တဲ့ သစ်တောဧရိယာ ဖြစ်တဲ့အတွက်ကြောင့် တောင်ယာလည်း လုပ်စားလို့ အဆင်မပြေဘူး။”
၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ခဲ့တဲ့ပဋိပက္ခကြောင့် မောင်တောမြို့နယ်မြောက်ပိုင်းက သက်တိုင်းရင်းသား လူနည်းစုတွေနေကြတဲ့ ဝေလာတောင်၊ အောင်ချမ်းသာ၊ ဗန္ဓုလ၊ မင်းခမောင်း၊ တပ်ချောင်း၊ တမန်းသား၊ သက်ကိုင်းညာ စတဲ့ရွာတွေက အိမ်ထောင်စု ၆၀ ဝန်းကျင်လောက် မကျည်းကုန်းရွာမှာ ခိုလှုံနေရတာဖြစ်ပါတယ်။