ရန်ကုန်မြို့မှာ ထမနဲထိုးပြိုင်ပွဲတွေ နည်းပါးလာ

RFA Burmese
2025.02.12
ရန်ကုန်မြို့မှာ ထမနဲထိုးပြိုင်ပွဲတွေ နည်းပါးလာ ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့တွင် ထမနဲထိုးပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာ့ရိုးရာ ၁၂ လရာသီ ပွဲတော်တွေထဲမှာ ထမနဲပွဲလည်း ပါဝင်ပါတယ်။ တပို့တွဲလရောက်ရင် ရပ်ကွက်အလိုက် ထမနဲထိုးကြတဲ့ ဓလေ့ရှိသလို ရန်ကုန်က မြို့နယ်တိုင်းမှာလည်း ထမနဲထိုးပြိုင်ပွဲတွေ ရှိခဲ့တာပါ။

စည်စည်ကားကားနဲ့ ထမနဲထိုးကြပြီး အပြန်အလှန် ပေးဝေကြတဲ့ဓလေ့ဟာ အခုနောက်ပိုင်း သိသိသာသာ ပျောက်ကွယ်လာတယ်လို့ ထမနဲထိုးပြိုင်ပွဲလုပ်ခဲ့သူတွေက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာလည်း အဲဒီဓလေ့ နည်းလာသလို တချို့နေရာတွေမှာ ပျောက်ကွယ်လာပြီလို့ ဆယ်နှစ်ကျော် ထမနဲထိုးပြိုင်ပွဲဝင်ခဲ့တဲ့ ရန်ကုန်မြို့ခံ ကိုကရင်က RFA ကို ပြောပါတယ်။

“အရင်တုန်းကတော့ ရပ်ကွက်တွေထဲမှာ ပြိုင်ပွဲတွေ ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ လိုက်ထိုးရတယ် ပြိုင်ပွဲတွေ၊ အခု ပြိုင်ပွဲတွေ မရှိသလောက်ကို ဖြစ်နေတယ်ပေါ့နော်။ ကျွန်တော်တို့ဆို မဟာဝိဇယတို့ ရွှေတိဂုံတို့မှာ ထိုးရတယ်။ ပြိုင်ပွဲတွေ ထိုးရတယ်။ ရပ်ကွက်တွေမှာ ပြိုင်ပွဲတွေ မရှိတော့ဘူး။ ထိုးတဲ့သူတွေလည်း မရှိသလောက် ဖြစ်သွားပါပြီ။ ထမနဲ့ထိုးတဲ့ဥစ္စာက တဖြည်းဖြည်း ပပျောက်လာသလို ဖြစ်လာတယ်ပေါ့နော်”

ထမနဲထိုးတဲ့အခါ ကောက်ညှင်းဆန်၊ ဆီ၊ အုန်းသီး၊ မြေပဲ၊ ဂျင်းနဲ့ နှမ်းတို့ကို အချိုးကျရောစပ်ပြီး မိုးဗြဲဒယ်အိုး အကြီးတွေနဲ့ မုန့်သားစေးပိုင်တဲ့အထိ လူလေးငါးဦးက အလှည့်ကျ ထိုးနယ်ကြရတာပါ။

ထမနဲကို တချို့နေရာတွေမှာ နှမ်းမနဲလို့လည်း ခေါ်ကြပါတယ်။

“ပြည်သူတွေ စီးပွားရေး ကျပ်တည်းလာတာကြောင့် အရင်နှစ်တွေကလောက် ထမနဲ မလှူဒါန်းနိုင်တော့ပါဘူး”

မြန်မာ့ရိုးရာ အစားအစာဖြစ်တဲ့ ထမနဲကို တပို့တွဲ လပြည့်နေ့မှာ မြတ်စွာဘုရားကို ကပ်လှူဖို့၊ သံဃာတော်တွေကို လောင်းလှူဖို့နဲ့ အသိမိတ်ဆွေတွေကို ပေးဝေဖို့ဆိုပြီး နှစ်စဥ် ထမနဲထိုးပွဲတွေ လုပ်ကြတာပါ။

ပြည်သူတွေ စီးပွားရေး ကျပ်တည်းလာတာကြောင့် အရင်နှစ်တွေကလောက် ထမနဲ မလှူဒါန်းနိုင်တော့ဘူးလို့ ကမာရွတ်မြို့နယ်၊ အင်လျားရွာသစ်ကျောင်းမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးသောဘနက RFA ကို မိန့်ပါတယ်။

“ခေတ်ကာလကလည်း မကောင်းဘူး၊ စီးပွားရေးတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ကျပ်တည်းလာခဲ့ကြတော့ မဖြစ်ဖြစ်အောင် ထိုးမယ်၊ မလှူလည်း လှူတဲ့ဟာနဲ့ ထိုးမယ်၊ ရှိတဲ့ဟာနဲ့ ထိုးမယ်ပေါ့နော်၊ တော်တော်လေးတော့ စိုးရိမ်ရတာပေါ့၊ ကိုယ့်ရဲ့ ဗုဒ္ဓဘာသာ ဗမာလူမျိုးရဲ့ ရိုးရာက ပျောက်ပျက်လို့တော့ မရဘူး၊ ဗုဒ္ဓဘာသာတွေရဲ့ ရိုးရာတွေလည်း မတိမ်ကွယ်အောင်၊ မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမှာပဲ”

ဒီနှစ် ထမနဲထိုးတာ နည်းသွားပြီး အရင်လောက် မဝေမျှနိုင်တော့တဲ့အပေါ် စိတ်မကောင်း ဖြစ်မိတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့တွင် ထမနဲထိုးပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)
ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့တွင် ထမနဲထိုးပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)

အရင်က ထမနဲရာသီရောက်တိုင်း အလှူရှင်ရှိပေမဲ့ အခုတော့ ရိုးရာဓလေ့ မပျက်အောင် အလှူရှင်တွေကို လိုက်လံနှိုးဆော်ရတဲ့အခြေအနေ ရောက်သွားပြီလို့ ကမာရွတ်မြို့ခံ ကိုဖိုးသားက RFA ကို ပြောပါတယ်။

“အရင်ကဆိုရင် ဒီမှာ ထမနဲထိုးမယ်ဟေ့၊ ဒီရာသီရောက်ပြီဆိုရင် ကျွန်တော်တို့ အလှူရှင်တွေ ရှိတယ်ပေါ့၊ ရပ်ကွက်ထဲမှာဆိုလို့ရှိရင် နှစ်ဒယ်လှူမယ်၊ သုံးဒယ်လှူမယ်၊ အလှူရှင်တွေ တစ်ဦးပြီးတစ်ဦး အဲဒီမှာ အများကြီး ထိုးရတာ၊ ဒီခေတ်တွေကျ ဘယ်လိုဖြစ်လာလဲဆိုရင် ဒီပွဲလေး ဖြစ်မြောက်အောင်၊ ရိုးရာလေး ပျက်မသွားအောင်လို့ ကျွန်တော်တို့က အလှူရှင်တွေကို ပြန်ပြီး လိုက်နှိုးဆော်နေရတာ။ တပို့တွဲလမှာ ထမနဲထိုးရမယ် ဆိုတဲ့ဟာကို လူငယ်တွေ စိတ်ပါဝင်စားမှုက တော်တော်နည်းလာတာ တွေ့ရပါတယ်”


ဆက်နွှယ်သောသတင်းများ

မဲဆောက်မြို့က မြန်မာတွေရဲ့ ထမနဲအလှူပွဲ

မြန်မာ့သင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းဝင်

ရှေးအစဉ်အလာထိန်းသိမ်းထားတဲ့ ဓနုရိုးရာကောက်ရိတ်သိမ်းပွဲ


အစားအသောက် ရောင်းတဲ့ဆိုင်တွေမှာ ထမနဲကို အချိန်တိုင်း ဝယ်လို့ရနေတာကြောင့်လည်း တပို့တွဲလ ထမနဲပွဲ ဆိုတာကို သီးသန့် မလုပ်ကြတော့တာလို့လည်း ကိုဖိုးသားက ဆိုပါတယ်။

ရာသီစာဖြစ်တဲ့ ထမနဲဟာ အပူဓာတ်ပါတဲ့ အစားစာဖြစ်တာကြောင့် အေးတဲ့ရာသီ အဆီဓာတ် ခြောက်ခမ်းချိန်မှာ အဟာရပြည့်ဝတဲ့ အစားအစာအနေနဲ့ စားသုံးသင့်တယ်လို့ မြန်မာ့ဆေးကျမ်းတွေမှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
ရွှေစာရံဘုရားပွဲက တစ်ဦးတည်းသော စက်လှေသမ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။