ရိုးရာစက္ကူမီးပုံးလုပ်တဲ့ လူရွှင်တော်
2023.10.15
မန္တလေးသား ကိုကျော်ကျော်ဟာ ပရိသတ်ကို အရယ်အမောအရွှင်ဓာတ်တွေ မျှဝေနေတဲ့ လူရွှင်တော်တစ်ဦးဖြစ်သလို မြန်မာ့ရိုးရာ မီးပုံးတွေကိုလည်းဖန်တီးတဲ့သူပါ။ သူက လူရွှင်တော်ဘဝကို မြတ်နိုးတန်ဖိုးထားတဲ့သူပါ။
“ကျွန်တော်က လူရွှင်တော် စူပါကျော်ကျော်ပါ ။ မန္တလေးမှာပဲ နေတာပေါ့။ လူရွှင်တော်နဲ့ပတ်သက်ရင် စုံတယ်။ ဇာတ်ထဲတွေ အငြိမ့်ထဲ ဆိုင်းထဲ မျက်လှည့်တို့။ နောက်မှ ရိုက်ကူးရေးဘက်တို့ ဘာတို့။ ဘာလို့ လူရွှင်တော်ပညာမြတ်နိုးလဲဆိုတော့ လူရွှင်တော်ပညာက ဒီပြင်ပညာနဲ့မတူဘူး။ သူက သူများတွေကို ပျော်အောင် ရယ်အောင် ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။ ကိုယ်က ပြက်လုံးပြက်လိုက်လို့ ပရိသတ်က ရယ်တယ်ဆို သူတို့ အမောပြေသွားတယ် ဒီလို စိတ်မှာခံစားရလို့လူရွှင်တော်ပညာကို မြတ်နိုးတာ။ ဒါကြောင့် လူရွှင်တော်ပဲ ရပ်တည်တာ"
အရင်က မန္တလေးမြို့ကအနုပညာရှင်တွေဟာ တစ်နှစ်ကို ခုနှစ်လလောက် အနုပညာလုပ်ငန်းတွေ လုပ်နိုင်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ နောက်ပိုင်းမှာတော့ အရင်လိုပုံမှန်လုပ်လို့ မရနိုင်တော့တာကြောင့် အနုပညာလုပ်ငန်းနဲ့အသက်မွေးသူတွေဟာ အခက်ကြုံခဲ့ကြရပါတယ်။ ဒါကြောင့် ကိုကျော်ကျော်က သူ့မိဘရဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်တဲ့ မီးပုံးလုပ်ငန်းကို လုပ်ခဲ့ပါတယ်။
“ ဘယ်အနုပညာလုပ်ငန်း နေနေ၊ မင်းသမီးနေနေ မင်းသားနေနေ ဒီလုပ်ငန်း စတဲ့အချိန်က ဘယ်အချိန်လဲဆိုတော့ သီတင်းကျွတ်ရင် စပြီ။ မိုးတွင်း လေးလဆို နားတယ်။ လအရေအတွက်နဲ့ အတိအကျပြောရရင် ခုနှစ်လရှိတယ်။ အခုကိုဗစ်ဖြစ်ပြီးတော့ ကျွန်တော်တို့ ပွဲတွေ သိပ်မရှိကြဘူး။ ကြဲသွားတယ်ပေါ့။ အဲဒီတော့ အနုပညာသမားတွေ အဆင်မပြေကြဘူး။ ဒုက္ခဖြစ်ကြတယ် ပေါ့။ အဲတော့ တတ်တဲ့ အရပ်အလုပ်လေးတွေ လုပ်စားကြရတာပေါ့ဗျာ။ ကျွန်တော်ဆို အကျွမ်းကျင်ဆုံးအလုပ်က အနုပညာ။ အဲဒါကြီးက နားသွားတော့ ကျန်တဲ့အလုပ် ဘာမှမလုပ်တတ်ဘူး။ ဘယ်လိုမှကို အဆင်မပြေတာ အနုပညာလုပ်ငန်း နားသွားတော့။ မကောင်းတော့ ကျွန်တော့်လက်ငုတ်လက်ရင်း အလုပ်ဖြစ်တဲ့ မီးပုံးလုပ်ငန်းပဲ ပြန်လုပ်ရတယ်။ ကိုဗစ်ကြောင့် အတော်ဒုက္ခရောက်ကြတယ်။ ကိုယ်ကတော့ တော်သေးပါတယ်။ ကိုယ်က ဒါလေး လုပ်တတ်သေးတာကိုး”
မြန်မာ့ရိုးရာမီးပုံးတွေကို သီတင်းကျွတ်၊ တန်ဆောင်မုန်းပွဲတော်တွေကာလတွေမှာ အသုံးပြုတာဖြစ်ပေမဲ့ တစ်နှစ်ပတ်လုံးနီးပါး လုပ်ပြီး ကုန်ကြမ်းစုရတယ်လို့ ကိုကျော်ကျော်က ပြောပြပါတယ်။
“မီးပုံးကကြိုလုပ်ရတာ။ တန်ခူးလရောက်တာနဲ့ အကြမ်းထည်တွေ စုလုပ်၊ အိမ်မှာသိမ်းစရာ ရှိတာသိမ်းထား။ ဝါခေါင် ဆိုရင် ပစ္စည်းပို့တဲ့အချိန် ရောက်သွားပြီ။ အဲဒီအခါ အကြမ်းထည်ကနေ အချောထည် ပြန်လုပ်၊ စက္ကူကပ်ရတယ်။ ဘီးလုံးလေးတွေ တပ်စရာရှိ တပ်။ ဆေးချယ်။ အဲဒါ ပြီးတော့မှ စည်းနှောင်ထုတ်ပိုး စျေးချိုဒိုင်တွေဆီ ပို့တာ။ အဲဒိုင်တွေကမှ မြန်မာတစ်နိုင်ငံလုံး ကို ပြန်ဖြန့်ကြတာ။ မီးပုံးက စိတ်ငြိမ်မှ၊ ငြိမ်မှ တီထွင်လို့ရတာ။ ဥပမာတစ်ခု ... မျက်လုံးထဲမှာမြင်တယ်။ တစ်ခါတလေ မော်တော်တွေ ဘာတွေလုပ်ချင်တယ်ဆိုရင် မြစ်ဆိပ်တွေ ရောက်ရင် ကိုယ့်မျက်စိထဲမှာမြင်တဲ့ မော်တော်လေးတွေ၊ ဒါမျိုးလေးတွေ စိတ်မှန်းနဲ့ချိုးရတာ၊ တစ်ခါတစ်ရံသွားကြည့်ရတာ”
မီးပုံးလုပ်ငန်းကို ကိုကျော်ကျော်ရဲ့ မိခင်ငယ်ဘဝကတည်းက လုပ်ခဲ့တာပါ။ အခုအချိန်မှာ ခေတ်ပေါ်ပစ္စည်း အများကြီးရှိနေတာမို့လို့ ရိုးရာစက္ကူမီးပုံးတွေ ခေတ်ကုန်သွားနိုင်မလားဆိုတော့ ဒီလိုမဖြစ်လာနိုင်ဘူးလို့ ကိုကျော်ကျော်တို့ သားအမိက အခိုင်အမာပြောပါတယ်။
“ အမေတို့ခေတ်တုန်းက ငါးပြားဖိုးကို နှစ်စီးဆိုတဲ့ အချိန်ကတည်းက လုပ်ခဲ့တဲ့မီးပုံးက အခုဘယ်လောက်ရောက်သွားပြီလဲဆိုတော့ လေယာဉ်၊ ကားအသေး တစ်စီးကို ရှစ်ရာ။ ဒီနှစ်ပေါ့။ ပြန်ရောင်းတော့ တစ်ထောင်၊ ထောင့်နှစ်ရာ ထောင့်ငါးရာပေါ့။ ကျွန်တော့်ဆီ ဆိုရင်အကြီးဆုံး ကျွန်တော့်ရဲ့ဖောက်သည် သွင်းစျေး သုံးသောင်းတန်အထိရှိတယ်။ သုံးသောင်းတန်ဆို မော်တော်ကြီး အကြီးကြီး၊ မြစ်ဆိပ်က မော်တော်ပုံစံကြီး။ အဲဒါကိုဝါးနဲ့ ဒီသီတင်းကျွတ် ရောင်စုံစက္ကူတွေ၊ ပန်းချီတွေနဲ့ အလှချယ်ထားတာ။ ကျွန်တော်တို့ မြန်မာစကားပုံပေါ့။ အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ တဝဲလည်လည်ဆိုတဲ့ စကားလိုပါပဲ။ တရုတ်ပစ္စည်းတွေ ပေါ်လာတယ်။ သူတို့ပစ္စည်းတွေ ဘယ်လောက်ကောင်းကောင်း ကလေးတွေက ဒီအချိန်ရောက်လာရင် ဒီမီးပုံးအရုပ်လေးတွေ မြင်ရင်မဆော့ဘဲကို မနေနိုင်တာ။”
“ ဆယ်နှစ်အရွယ်ကတည်းက လိုင်းလေးတွေဆွဲလာတာလေ။ ငါးပြားဖိုး နှစ်စီးရတဲ့ လိုင်းလေးတွေ သူများဆီ လိုက်ဆွဲတာ။ ဆရာတွေပေါ့။ အမျိုးတွေ ချိုးတာကြည့်ရင်း ပြုရင်း လိုက်လုပ်စားတာ။ အခု ငါးဆယ့်နှစ်နှစ် ရှိသွားပြီ။ ဒီအချိန်အထိ ကိုယ့်အလုပ်လေးက ပိုပိုလုပ်ရသလိုပဲ။ အရင် ထက်ကိုပိုလုပ်ရတယ်။ အစ်မက လက်တွေ့လေ။ ငယ်ငယ်လေးထဲက တစ်နှစ်မှမနားဘူး။ ကျွန်မ ငယ်ငယ်လေးကတည်းက လုပ်ခဲ့လို့ ဒါအမှန်တိုင်းပြောတာ။ အခုအချိန်ထိ မနားရသေးဘူး။”
အနုပညာသမားဖြစ်တဲ့ ကိုကျော်ကျော်ကတော့ လူရွှင်တော်လုပ်ငန်းရော မြန်မာ့ရိုးရာစက္ကူမီးပုံးလုပ်ငန်းရော သူ့ရဲ့ကျေးဇူးရှင် ဖြစ်တာကြောင့် အမြဲတမ်းနှစ်ခုစလုံးကို တွဲပြီးလုပ်ကိုင်သွားမယ်လို့ သူ့ရဲ့ခံယူချက်ကို ပြောပြပါတယ်။
“ဒီလုပ်ငန်းကို မြတ်နိုးတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို လုပ်ကျွေးတာကိုး။ ဝါးက ကိုယ့်ကို အတော်အကျိုးပြုတာကိုး။ ဝါးက ဘာကြောင့် အကျိုးပြုလဲဆိုတော့ လူရွှင်တော်ဆိုတော့လဲ နောက်က ဝါးလက်ခုပ်တီးရတာဗျ။ ဝါးလက်ခုပ်က ကိုယ့်ကိုလုပ်ကျွေးတာ။ နောက် လူရွှင်တော်လုပ်ငန်းနား သွားလဲ ဒီဝါးပဲ။ ဝါးနဲ့မီးပုံး လုပ်ရတာ။ ဒါကြောင့် ဒီဝါးတွေကို သဘောကျတယ်။ မြတ်နိုးတယ်။ နောက်ချမ်းသာသွားလဲ ဒီလုပ်ငန်းပဲ လုပ်မှာပဲ။ လူရွှင်တော်လုပ်ငန်းလဲ ပစ်မထားဘူး။ မီးပုံးလဲပစ်မထားဘူး။ လုပ်မှာပဲ”