မြို့ပြက ကျေးငှက်တွေအတွက် အိမ်ငယ်တွေ တည်ဆောက်ပေးနေသူ

RFA Burmese
2024.02.20
မြို့ပြက ကျေးငှက်တွေအတွက် အိမ်ငယ်တွေ တည်ဆောက်ပေးနေသူ ဦးကြည်ညွှန့်၏ ငှက်အိမ်တည်ဆောက်နေသည့် လုပ်ငန်းခွင်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်က တွေ့ရစဉ်။
Photo: RFA

“ကိုယ်တွေတောင်မှ တဖြည်းဖြည်း အနေကျုံ့လာပြီ ရန်ကုန်မှာက။ အဲဒီတော့ ဒီသတ္တဝါလေးတွေက နေစရာ၊ ထိုင်စရာ လိုလာမယ်။ ဟိုအိမ်ကြိုအိမ်ကြား၊ တိုက်ကြိုတိုက်ကြားမှာ နေရထိုင်ရတယ်။ အဲဒီတော့ ငါ ဒီစာကလေးအိမ်လေးတစ်လုံးကို ဆောက်ပြီးတော့မှ ရောင်းလိုက်ရင် ကုသိုလ်လည်းရ ဝမ်းလည်း ဝသွားမယ်။ အဓိက မိုးရွာရင် မိုးလုံရမယ်။ လေတိုက်ရင် လေကာဖြစ်ရမယ်။ အဲဒါ ကိုယ့်ရဲ့စေတနာပေါ့”

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက်က၊ ငှက်အိမ်လေးတွေဆောက်ပြီး ရောင်းတဲ့ ဦးကြည်ညွန့်ပါ။

အရင်က ဆိုင်းဘုတ်ဒီဇိုင်းရေးတဲ့ အလုပ်လုပ်ခဲ့ပေမယ့် နေစရာ အခက်အခဲဖြစ်နေတဲ့ မြို့ပြက ကျေးငှက်တွေအတွက် အိမ်လေးတွေ တည်ဆောက်နေရင်း ဘဝကို ပျော်ရွှင်နေပြီလို့ သူကပြောပါတယ်။

ဒီအလုပ်က တစ်ဖက်မှာ ငှက်လေးတွေအတွက် လုံခြုံတဲ့အိမ်တစ်လုံး ရသွားသလို တစ်ဖက်မှာလည်း သူတို့မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရတယ်လို့ ပြောပါတယ်။

ငှက်အိမ်ရဲ့ အထပ် အနည်းအများပေါ်မူတည်ပြီး ကျပ်လေးထောင်ကနေ ကျပ်တစ်သောင်းခွဲထိ ဈေးရှိပါတယ်။

အထပ်မြင့်ဆိုရင်တော့ တစ်လုံးပြီးဖို့ နှစ်ရက်လောက်ကြာပြီး တစ်ထပ်အိမ်ဆိုရင်တော့ တစ်ရက်ကို နှစ်လုံးပြီးတယ်လို့ ဦးကြည်ညွန့်က ပြောပါတယ်။

သူ့ခင်ပွန်းရဲ့အလုပ်က ငွေမချမ်းသာပေမယ့် စိတ်ချမ်းသာရတယ်လို့ ဇနီးသည်ဒေါ်မူက ပြောပါတယ်။

“ဇွဲနပဲက သူ့အလုပ်ကို သူ မပြီးမချင်း မထဘူး။ အဲဒါကတော့ တော်တော် သူ ဇွဲရှိတယ်ပေါ့လေ။ တစ်ခါတလေ ညနက်တော့ အေးလို့ပါ။ အေးလို့ပါ ပြောပြီးတော့ မလုပ်ဘဲနဲ့ နေခိုင်းရတယ်အဲလို။ လူမချမ်းသာဘူး။ စိတ်ကတော့ ချမ်းသာတယ်”

သူတို့မှာ အိမ်ထောင်ကျပြီးတဲ့ သားသမီးနှစ်ယောက် ရှိပါတယ်။ အိမ်မှာ အတူနေတဲ့သမီး မအိအိကျော်ကတော့ သူအားတဲ့အချိန်တွေမှာ အဖေကို ဝိုင်းကူပါတယ်။

“လုံးချင်းတွေရော၊ အထပ်လိုက်တွေရော အဲဒီလိုမျိုးတွေပေါ့။ ပွဲစား မလိုဘူး။ ရေမလို၊ မီးမလို၊ အိမ်ကန်ထရိုက်တာ ဖြစ်နေတဲ့ပုံစံပေါ့။ သူများတကာတွေ နောက်သလိုမျိုး အဲဒီလိုဖြစ်နေတယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝပေါ့”

ဦးကြည်ညွှန့်၏ တည်ဆောက်ထားသည့် ငှက်အိမ်လေးများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်က တွေ့ရစဉ်။ (Photo: RFA)
ဦးကြည်ညွှန့်၏ တည်ဆောက်ထားသည့် ငှက်အိမ်လေးများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်က တွေ့ရစဉ်။ (Photo: RFA)

ငှက်အိမ်လေးတွေ အားပေးတဲ့ ဒေါ်မြင့်မြင့်အေးကလည်း ဦးကြည်ညွန့်ရဲ့ လက်ရာတွေ သေသပ်ခိုင်ခံ့တယ်လို့ ပြောပါတယ်။

“အခုကတော့ အိမ်ဝရန်တာမှာပဲ ချိတ်ထားတယ် ငါးလုံး။ အခု စာကလေးတွေ ဝင်နေပြီ။ ဘယ်လောက် စိတ်ချမ်းသာလဲ။ ကိုယ်လည်း အိမ်နဲ့ ယာနဲ့ နေရတယ်။ ဒါလေးတွေ ဝယ်လှူခြင်းအားဖြင့်”

ဦးကြည်ညွန့်ကလည်း ဒီအလုပ်က ငွေမချမ်းသာပေမယ့် စိတ်ချမ်းသာလို့ လုပ်နေတာလို့ပြောပါတယ်။

“ဒီလို မချမ်းသာဘူးဆိုတာ သိပေမယ့် စိတ်ချမ်းသာတယ်။ တိုက်နဲ့ အိမ်နဲ့ နေတဲ့သူ စိတ်ချမ်းသာတာနဲ့ အဘ စာကလေးအိမ်လုပ်လို့ စိတ်ချမ်းသာတာနဲ့ အကွာကြီးပါ။ အဘကတော့ လောလောဆယ်ကတော့ အနည်းဆုံး ရလဒ်ကတော့ အမြတ်တွေ၊ အစွန်းတွေ ရတာ၊ မရတာ ဘေးချိတ်ထား၊ စိတ်ချမ်းသာမှုကတော့ အဓိကပဲ”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။