မိဘမဲ့ကလေးတွေကို သက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေတဲ့ ဗေသေသဒကျောင်း
2024.10.29
“တကယ်ဆိုရင် လူ့ဘဝ တိုတောင်းလွန်းလှပါတယ်။ စာနာစိတ်ကလေး နည်းပါးမသွားစေနဲ့။ ဘယ်သူတွေ တရားပျက်ပျက်၊ ကိုယ်မပျက်နဲ့ကွာ မသောက်ဘူး မိုးခါးရေများ”
နာဂဒေသ အပါအဝင် ဝေးလံခေါင်သီတဲ့ တိုင်းရင်းသားနယ်မြေတွေက မိဘမဲ့ကလေး အယောက်တစ်ရာကျော်ကို စောင့်ရှောက်ပြီး ပညာသင်ပေးနေတဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စု၊ သရက်ကုန်းရွာက မိဘမဲ့ကလေး ဂေဟာလေးကို တွေ့ရတာပါ။
“သူတို့လေးတွေကို ခေါ်လာရခြင်းကတော့ နံပါတ်တစ်က သူတို့ဒေသကို ကျွန်တော် ရောက်သွားတဲ့အခါမှာ ပညာရေး လိုတာကိုး။ ပညာရေး တအားလိုတယ်။ လူမှုဆက်ဆံရေးတွေ သွားဖို့ လာဖို့ လိုအပ်တဲ့အခါမှာ ဒီကလေးတွေကိုခေါ်ပြီးတော့ ပထမဟိုက်ပက်မှာ အိမ်ငှားနေရတယ်။ နောက်ဟိုဘက်ခြံမှာ အိမ်ငှားနေရတယ်။ နောက်ဆုံး ဒီနေရာမှာပေါ့။ ၁၁ နှစ်ထဲအထိ လုပ်ခွင့်ရနေတာဖြစ်ပါတယ်”
အသက် ၅၃ နှစ်အရွယ် ဦးစောဝင်းနိုင်ထွေးဟာ ၂၀၁၄ ခုနှစ်ကစပြီး ဒီဂေဟာကို တည်ထောင်ခဲ့တာလို့ ပြောပါတယ်။ သူဟာ မွေးချင်းငါးဦးထဲမှာ အငယ်ဆုံးဖြစ်ပြီး မွေးရာပါ မသန်စွမ်းတစ်ဦးဖြစ်ခဲ့တဲ့အပေါ် ငယ်ငယ်က သူ့ဘဝကို အားငယ်စိတ်ပျက်ပြီး မူးယစ်ဆေးရဲ့သားကောင် ဖြစ်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။
“လူဒုက္ခိတ ဖြစ်ရတာထက် စိတ်ဒုက္ခိတ ဖြစ်ရတာ ပိုဆိုးပါတယ်”
လူဒုက္ခိတ ဖြစ်ရတာထက် စိတ်ဒုက္ခိတ ဖြစ်ရတာ ပိုဆိုးတယ်ဆိုတဲ့အမြင် ရလာတဲ့နောက်မှာတော့ သူ့ဘဝကို ပြုပြင်လိုက်ပါတယ်။ ဝေးလံခေါင်သီတဲ့ တိုင်းရင်းသားဒေသတွေဆီ နယ်လှည့်တရားဟောထွက်ရင်း မိဘမဲ့ကလေးတွေကိုခေါ်ပြီး စာသင်ပေးရင်းက၊ အခုလို ဂေဟာတည်ထောင်ဖြစ်သွားတာလို့ RFA ကို ပြောပါတယ်။
နာဂဒေသကနေ ရောက်လာပြီး ဒီဂေဟာမှာ ပညာသင်ယူနေတာ ခုနစ်နှစ်ခန့်ရှိပြီဖြစ်တဲ့ မောင်လော်ဒန်းက ဒီကျောင်းရောက်မှ မြန်မာစကား ပြောတတ်လာတာလို့ ပြောပါတယ်။
“ကျွန်တော် ဒီကို စရောက်တဲ့အချိန်မှာတော့ ဗမာစကား သိပ်မပြောတတ်ဘူးနော်။ ဒါပေမဲ့ ဒီမှာရောက်တဲ့အချိန် ကြာလာရင် ဗမာစကား ကောင်းကောင်း ပြောတတ်လာတယ်။ ကျွန်တော် ဒီမှာရောက်ပြီးတော့ ပြန်ပြီးတော့ ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း Grade 11 ရောက်နေပါပြီ။ အကောင်းဆုံးလည်း သင်ယူနိုင်ပါတယ်”
လေရှီးမြို့နယ်က မကယ်ရီချောကလည်း ဒီဂေဟာကိုရောက်မှ လက်မှုပညာတွေ၊ ကျောင်းပညာတွေ သင်ယူခွင့်ရလာတာလို့ ပြောပါတယ်။
“အသက်က ၁၆ နှစ်ရှိပါပြီ။ ကိုးနှစ်အရွယ်ကနေစပြီး ဗေသေသဒကျောင်းကိုလာရောက်ပြီးတော့ ပညာသင်ယူနေတာ ဖြစ်ပါတယ်။ အတန်းကတော့ Grade 10 မှာ ပညာသင်ယူနေတာဖြစ်ပါတယ်။ သမီး ဒီကိုရောက်လာတာ ဇာတွေ ထိုးတတ်တယ်။ အလှပန်းတွေ ထိုးတက်လာတယ်။ ပြီးတော့ စက်တွေလည်း ချုပ်တတ်လာတယ်”
လက်ရှိ ဒီကျောင်းမှာ KG မူလတန်းကနေ Grade 12 အထိ ကျောင်းသူ၊ ကျောင်းသား ကိုးဆယ်နီးပါးနဲ့ ကောလိပ်ကျောင်းသား သုံးဦး၊ ဆရာ၊ဆရာမ လေးဦးရှိတယ်လို့ ဆိုပါတယ်။ ဒီဂေဟာထောင်ထားတာ ဆယ်နှစ်ကျော်လာပြီဆိုပေမဲ့ မြေနေရက ကျောင်းပိုင်မဟုတ်သလို ကလေးတစ်ရာကျော်ရဲ့ ပညာရေးနဲ့ စားရေးသောက်ရေးတွေကို အလှူရှင်တွေရဲ့ စေတနာမေတ္တာနဲ့ပဲ ရပ်တည်နေရတာလို့ ဦးစောဝင်းနိုင်ထွေးက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
စွန့်ပစ်ခံကလေးငယ်တွေကို စောင့်ရှောက်နေတဲ့ ဆရာလေးများ
ပဲခူး ဥဿာမြို့သစ်က ထူးခြားတဲ့ မိဘမဲ့ဂေဟာ
မူးယစ်ဆေးဖြတ်ပေးနေတဲ့ ရန်ကုန်မြေက မိုဃ်းမခခြံ
ဒီကျောင်းက ကလေးတွေဟာ ဒေသမတူ၊ လူမျိုးမတူတဲ့သူတွေဖြစ်ပေမဲ့ လူမျိုးနဲ့တိုင်းပြည်ကို ချစ်တတ်၊ တန်ဖိုးထားတတ်ဖို့၊ အဓိကထား သင်ပေးနေတယ်လို့လည်း ဦးစောဝင်းနိုင်ထွေးကပြောပါ တယ်။
“ဘာသာတရားလေးတွေကို နားလည်တတ်လာမယ်ဆိုလို့ရှိရင် အော် ငါဟာ ရိုးရိုးလူမဟုတ်ဘူး။ တန်ဖိုးရှိတဲ့လူ ဖြစ်တယ်။ ငါ့ပတ်ဝန်းကျင်အတွက်၊ ငါ့လူမျိုးအတွက်၊ ငါ့တိုင်းပြည်အတွက် အကျိုးရှိအောင် ကိုယ့်တိုင်းပြည်မှာ ရှိတဲ့လူတွေ အကျိုးရှိဖို့၊ ကိုယ်သွားနေတဲ့ဒေသမှာ အကျိုးရှိတဲ့အရာတွေလုပ်ဖို့၊ ကိုယ် တတ်နိုင်သလောက်ကလေးပေါ့။ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာပေါ့နော်။ အခုလိုလုပ်ဆောင်နေတာဖြစ်ပါတယ်လို့”