မျိုးသုဉ်းတော့မယ့် တောဆင်ရိုင်းထိန်းသိမ်းရေး


2019.01.07

 

မြန်မာနိုင်ငံမှာ ရှေးအစဉ်အဆက်ရှိလာခဲ့တဲ့ တောဆင်ရိုင်းတွေဟာ ဆင်သတ်မုဆိုးတွေကြောင့် ၂၀၃၀ ခုနှစ်လောက်မှာ မျိုးသုဉ်းရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် တောဆင်ရိုင်း ထိန်းသိမ်းရေး လုပ်ငန်းတွေကို အရေးတကြီးကာကွယ်နေရတဲ့အခြေအနေကို ရောက်နေပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~
အရင်က ဆင်အစွယ်ကိုလိုချင်တာကြောင့် အစွယ်ရှိတဲ့ဆင်တွေသာ အသတ်ခံရတာရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အသား၊ အရေခွံတွေကပါ တောရိုင်းတိရိစ္ဆာန် မှောင်ခိုဈေးကွက်မှာ တွင်ကျယ်လာတာကြောင့် ၁ နှစ်မှာ အကောင်ရေ ၁၀၀၊ ၁ ပတ်မှာ ၂ ကောင်နှုန်း တောဆင်ရိုင်းတွေ အသတ်ခံနေရတယ်လို့ မြန်မာ့သစ်လုပ်ငန်းရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲ့ဒီလိုတောဆင်ရိုင်းတွေ အသတ်ခံရတာတွေကို တိုးမြှင့်ကာကွယ်တားဆီးဖို့ မြန်မာ့သစ်လုပ်ငန်း၊ အုပ်ချုပ်ရေး၊ သစ်တောရဲ၊ နယ်မြေရဲတွေ ပါဝင်တဲ့ EERU အရေးပေါ် ကွန်ဂျီဆင်များအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။

အဲ့ဒီEERU အဖွဲ့က တောဆင်ရိုင်းတွေရဲ့ နေထိုင်ကျက်စားတာတွေကို လေ့လာသလို၊ ဆင်သတ်မုဆိုးတွေရဲ့သတင်းကို စုံစမ်းတာ၊ ဖမ်းဆီးတာတွေကို ဆောင်ရွက်ပြီး တောအတွင်း ကင်းလှည့် စောင့်ကြည့်တာတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇နဲ့ ၂၀၁၈ ခုနှစ်မှာ ဆင်သတ်မုဆိုး ၅၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာဝတီတိုင်းထဲမှာ တောဆင်ရိုင်း အသတ်ခံရတာဟာ ၂၀၁၆ ခုနှစ်မှာ ၁၆ ကောင်၊ ၂၀၁၇ ခုနှစ်မှာ ၁၆ ကောင်၊ ၂၀၁၈ ခုနှစ် ၈ ကောင်ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာမောင် ၊ ဧရာမေ၊ ဧရာမိုး၊ မေရီ လို့ခေါ်တဲ့ တောရိုင်းဆင်သားပေါက်လေးတွေဟာ ဧရာဝတီတိုင်း ဇာတိဖြစ်ပြီး သူတို့ရဲ့မိခင် တောဆင်ရိုင်းမကြီးတွေဟာ ဆင်သတ်မုဆိုးတွေကြောင့် သေဆုံးခဲ့ရတာပါ။ မိခင်နို့ကို သောက်စို့ရမယ့် ကလေးအရွယ်သာရှိသေးတဲ့ အဲဒီဆင်သားပေါက်လေးတွေကို မြန်မာ့သစ်လုပ်ငန်းရဲ့ ဝင်္ဂဘော်ဆင်စခန်းမှာ နို့မှုန့်တိုက်ပြီး စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ တောဆင်ရိုင်းတွေ အသတ်ခံရတဲ့ အခြေအနေကတော့ ဆင်သားပေါက်တွေအတွက်ပါ အန္တရာယ်ဖြစ်နေပြီလို့ မြန်မာ့သစ်လုပ်ငန်း မန်နေဂျာ ဒေါက်တာဇော်မင်းဦးက ပြောပါတယ်။

"အရင်က အသက် ၂၀ ၊ ၂၅၊ စွယ်စုံဆင်ကြီးတွေကို Focus ထားတာလေ။ အခုက သားရေရော၊ အသားရောဆိုတော့ ကလေးတွေက အစပေါ့နော်"

တောဆင်ရိုင်းတွေ ကာကွယ်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ WWF က ဒေါ်မေမိုးဝါကလည်း အခုလို ပြောပါတယ်။

"အထူးသဖြင့် အမတွေကို သတ်ဖြတ်တဲ့အခါ မျိုးပွားနှုန်းက အင်မတန် လျော့ကျသွားနိုင်တဲ့အတွက် အမတွေကို သတ်တဲ့အခါ အထီးတွေကို သတ်တာထက် ပိုဆုံးရှုံးရပါတယ်။ သုံးစွဲမှုကတော့ အမျိုးမျိုးပဲရှိပါတယ်။ ဈေးကွက်ထဲမှာ ကလေးတွေဆိုရင် စားသောက်ဖွယ်ရာအနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်။ အမတွေရဲ့ အရိုးတွေရော၊ အသားတွေရော၊ အရေခွံရော ဈေးကွက်ထဲမှာ သုံးစွဲနေတာ တွေ့ရပါတယ်"

ငပုတောမြို့နယ် ဒေသခံတစ်ယောက်ဖြစ်တဲ့ မန်းတုတ်ပေါက သူ့တို့ဒေသမှာ တောဆင်ရိုင်းတွေ အသတ်ခံနေရတဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။

"သွားတာလာတာကို ကြည့်ခြင်းအားဖြင့် ဆင်အုပ်တွေ နည်းသွားတာကို သိရတယ်။ အခါတိုင်းဆို တော်တော်လေး ပေါတာပေါ့နော် ဆင်အုပ်တွေက။ အခုလက်ရှိကတော့ ကုန်ခဲ့တဲ့ နှစ်တွေကဆို တော်တော်ပစ်ကြတာပေါ့။ နေ့ခင်းကြောင်တောင်တောင် ပစ်တယ်"

မြန်မာ့သစ်လုပ်ငန်းကနေ ရရှိတဲ့ အချက်လက်အရ မြန်မာနိုင်ငံမှာ ၁၉၄၁ ခုနှစ်တုန်းက အကောင်ရေ ၁ သောင်းချီရှိပြီး ၁၉၈၀ ခုနှစ်အတွင်း တောဆင်ရိုင်း ၆ ထောင်ကျော်၊ ၂၀၀၆ ခုနှစ်လောက်မှာတော့ ၄ ထောင်ကျော်၊၂၀၁၀ - ၁၁ လောက်မှာ အကောင်ရေ ၂၅၀၀ ရှိခဲ့ပြီး လက်ရှိမှာတော့ အကောင်ရေ ၁၅၀၀ ကနေ ၂၀၀၀ ကြားသာ ရှိတော့တယ်လို့ သိရပါတယ်

ဧရာဝတီတိုင်းဒေသကြီးမှာသာမက တစ်နိုင်ငံလုံးအတိုင်းတာနဲ့ တောဆင်ရိုင်းအသတ်ခံရတဲ့ အရေအတွက်ဟာဆိုရင် ၂၀၁၆ ခုနှစ် အကောင်ရေ ၅၀ ကျော်၊ ၂၀၁၇ ခုနှစ် ၆၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် ၂၀၁၈ ခုနှစ်အတွင်း အသတ်ခံရတဲ့ အရေအတွက်ကို သစ်တောဦးစီးဌာနကို ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

ဆင်တွေရဲ့ အစိတ်အပိုင်းတွေကို အလှကုန်ပစ္စည်း၊ လက်ဆောင်ပစ္စည်းတွေအနေနဲ့ သုံးကြသလို ဆေးဘက်ဝင်တယ်ဆိုတဲ့ အယူအဆတွေနဲ့လည်း ဝယ်ယူသုံးစွဲနေကြတဲ့ ဈေးကွက်ကလည်း မြန်မာနိုင်ငံ အနှံ့မှာ ရှိနေတယ်လို့ ပြောကြပါတယ်။

တောရိုင်းတိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေကို အဓိက ရောင်းဝယ်ဖောက်ကားတဲ့ဈေးကွက်ဟာ တရုတ်မြန်မာနယ်စပ် မုန်းလားဒေသဖြစ်ပြီး အဲ့ဒီကနေ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံဘက်က အဝယ်များတယ်လို့ WWF က ဒေါ်မေမိုးဝါက ပြောပါတယ်။

"အမတို့ နိုင်ငံရဲ့ Location အရက နိုင်ငံ ၅ နိုင်ငံနဲ့ ဆက်စပ်နေတယ်။ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ တရုတ်ပြည်ပေါ့နော်။ နောက်ပြီး ဒီဘက်မှာဆို အိန္ဒိယရှိတယ်။ ဒီတော့ Tread Rode တွေက အများကြီးဖြစ်နေတာမို့လို့ အဲ့ဒီနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ အများကြီး ကုန်သွယ်မှုတွေ ဖြစ်နေပါတယ်။ အထူးသဖြင့် အများဆုံး ဝယ်လိုအားကတော့ တရုတ်ပြည်၊ ဗီယက်နမ်ကို သွားနေတယ်လို့ ခန့်မှန်းထားပါတယ်"

၂၀၁၅ လောက်မှာ စပြီး ဆင်ထွက်ပစ္စည်းတွေရဲ့ ဈေးကွက် သိသိသာသာဖြစ်လာတာဟာ တောဆင်ရိုင်းတွေ အသတ်ခံရတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။။ ဒါ့အပြင် ဆင်တွေအသက်ရှင်နေထိုင်ဖို့ ခက်ခဲလာတဲ့ နောက်ခံအကြောင်းအရင်းတွေကတော့ သစ်တောနယ်မြေတွေကို စိုက်ခင်းတွေအဖြစ် ပြောင်းလဲလိုက်တာ၊ မြို့ပြတွေချဲ့ထွင်တာ၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေလုပ်တာ၊ စိုက်ပျိုးမြေတွေ ချဲ့တာတွေကြောင့် ဆင်တွေရဲ့စားကျက်တွေ၊ နေထိုင်ဖို့နေရာတွေ လျော့နည်းသွားတယ်လို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။

ဆင်တွေ စားကျက်လျော့လာတဲ့အခါ လူတွေစိုက်ပျိုးထားတဲ့ သီးနှံတွေကို တောဆင်ရိုင်းတွေ ဝင်စားတာကြောင့် ဆင်နဲ့လူအကြား ပဋိပက္ခတွေလည်း ရှိနေတယ်လို့ ဒေါက်တာ ဇော်မင်းဦးက ပြောပါတယ်။

"အခုလိုရာသီ စပါးတွေမှည့်ပြီဆိုရင် ဆင်စားတယ်။ စားတဲ့အခါကျတော့ လူတွေက ကြောက်တယ်။ မမောင်းရဲဘူး။ မောင်းတဲ့အခါကျတော့ဆင်နဲ့လူနဲ့ ထိပ်တိုက်ဖြစ်ပြီး ဆင်က လူကိုသတ်တာတွေ ဘာတွေဖြစ်တယ်။ အဲဒီတော့ ဆင်ပေါ်မှာ ရန်ငြိုးထားတဲ့ အနေထားတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါ အဲ့ဒီလူတွေက ကိုယ်တိုင် ဆင်မသတ်ရဲဘူး။ အဲ့ဒီတော့ ဆင်သတ်မုဆိုးတွေ၊ သူ့နေရာက မဟုတ်တဲ့ မုဆိုးတွေလာတယ်။ သူတို့တွေက မသိအောင် ပူးပေါင်းပေးပြီး လမ်းပြတယ်"

ဆင်တွေအသတ်ခံရတဲ့ပုံစံကို မြန်မာ့သစ်လုပ်ငန်းက ဆင်ဆေးကု ဆရာဝန် ဦးလင်းလင်းထွန်းက အခုလို ပြောပါတယ်။

"ဆင်တွေ ရောဂါနဲ့သေရင် ဗုန်းကနဲ လဲပြီးသေတယ်။ ဒါပေမဲ့ အသတ်ခံရတဲ့ဆင်တွေကို တွေ့ရတာကတော့ အဆိပ်သေနတ်နဲ့ အပြစ်ခံရတဲ့အခါမှာ အဆိပ်ဒဏ်ကို ၁ နာရီဝန်းကျင်လောက်မှာ အဆိပ်တွေ တစ်ကိုယ်လုံး ပျံ့နှံ့ပြီးတော့မှ သူတို့က ရေဆာတယ်။ ရေဆာတော့ ချောင်းထဲဆင်းတယ်။ ရေသောက်ပြီးတော့မှ အဆိပ်တွေက ပိုဆိုးလာတယ်။ အသက်ထွက်လုထွက်ခင်အချိန်မှာ မုဆိုးတွေက အရေခွံခွာသွားတယ်လို့ ယူဆရတယ်။ အသက်တော့မထွက်သေးဘူး"

အဲဒီလို တောဆင်ရိုင်းထိန်းသိမ်းရေးကို ဆောင်ရွက်နေတဲ့နေရာမှာ နည်းပညာ၊ ဝန်ထမ်းအင်အား၊ ရန်ပုံငွေ အခက်ခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေက တောဆင်ရိုင်းတွေကို ကာကွယ်စောင့်ရှောက် ပေးနေတဲ့ EERU အဖွဲ့ကို ရန်ပုံငွေ ထောက်ပံ့တာတွေရှိပေမယ့် လက်တွေမှာ မလုံလောက်ဘူးလို့ EERU အဖွဲ့ဝင်လည်းဖြစ် ငရုတ်ကောင်းမြို့နယ် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က ပေးအပ်ထားတဲ့ တောဆင်ရိုင်း ကာကွယ်ထိန်းသိမ်းသူ သူရဲကောင်းဆု ရရှိထားတဲ့ ဦးကျော်မြင့်ထွန်းက အခုလို ပြောပါတယ်။

"တစ်ရက်ကို ၂ သောင်းခွဲ ၃ သောင်းလောက် ကုန်တယ်။ တချို့ဆို ဟိုဘက် ပဒဲကောဘက် အနောက်ရိုးမဘက်မှာ ဆိုင်ကယ်တောင်မှ ၃ နာရီ ၄ နာရီလောက် သွားရတယ်။ ဆိုင်ကယ်နဲ့သွား၊ တောထဲမှာ ၃ နာရီ ၄ နာရီလောက် လမ်းလျှောက်ရတယ်။ အဲဒီတောထဲမှာနေ၊ တဲရှိရင်တော့ တဲကို အကူညီတောင်းပြီး ထမင်းချက်စား၊ တဲမရှိရင် တောထဲမှာ မြေပြင်မှာအိပ်ပေါ့။ ဘယ်လိုလုပ်လုံလောက်မှာလဲ"

တောဆင်ရိုင်းတွေကို အခုလို ထိန်းသိမ်းဖို့ ဘာကြောင့် လိုအပ်တာလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိကြပါတယ်။

ဆင်တွေဟာ မြန်မာနိုင်ငံရဲ့ ရှေးအစဉ်အလာအရ ရတနာလို့ သတ်မှတ်ပြီး ထိန်းသိမ်းခဲ့ကြတာ ဖြစ်သလို သူတို့ကို The Good Gardeners လို့ခေါ်တဲ့ ဥယာဉ်မှူးကောင်းအဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက သတ်မှတ်ထားကြတယ်လို့ ဒေါက်တာ ဇော်မင်းဦးက ပြောပါတယ်။

"ဆင်က ဘယ်လိုပေါင်းရှင်းလဲ။ ဆင်က နွယ်ကြိုက်တယ်။ သစ်ဥတွေ ချိုးစားရတာကြိုက်တယ်။ နွယ်ကြိုက်တော့ သစ်ပင်နွယ်တွေကို ချိုးစားတယ်။ သစ်ပင်တွေက နွယ်တက်နေတော့ ဒီကောင်ချိုးသွားတာမို့လို့ သစ်ပင်တွေက နွယ်ရှင်းသွားပြီး ကြီးထွားဖွံ့ဖြိုးလာတယ်။ ဆင်သွားတဲ့ဟာတွေက အလင်းဖွင့်တာမျိုးတွေ ဖြစ်လာတယ်။ ပြီးရင် ဆင်တွေနင်းသွားတဲ့ ဆင်ခြေရာကွက်ကြီးတွေ မိုးတွင်းဆို ကျန်ခဲ့တယ်။ အဲ့ဒီထဲမှာရေတွေကျန်ခဲ့ပြီးတော့ ရေထိန်းသလိုဖြစ်လာတယ်။ ဆင်ရှိလို့ရှိရင် ဥပမာ တောထဲမှာ တရားမဝင် သစ်ခုတ်၊ ဝါးခုတ်တဲ့သူ မသွားရဲဘူး။ မသွားရဲတဲ့အတွက် တောစောင့်ရှောက်တဲ့ ကာကွယ်တဲ့ Guard လုပ်တဲ့တာဝန်ပါ ယူပေးတယ်"

ကမ္ဘာပေါ်မှာ အာရှဆင်နဲ့ အာဖရိကဆင်ဆိုပြီး ၂ မျိုးရှိတဲ့အထဲမှာ မြန်မာနိုင်ငံအပါဝင် နိုင်ငံ ၁၃ နိုင်ငံမှာပဲ အာရှဆင်တွေ ရှိတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် တောဆင်ရိုင်းတွေကို ထိန်းသိမ်းကာကွယ်ပြီး သဘာဝအခြေပြု ခရီးသွားလုပ်ငန်းတွေကနေ နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်နိုင်မှာလို့လည်း ပြောပါတယ်။

ဒ့ါကြောင့် တောဆင်ရိုင်းတွေကို ထိန်းသိမ်းစောင့်ရှောက်တာဟာ သစ်တောကို ထိန်းသိမ်းတာပါ။ သစ်တောတွေကို ထိန်းတာဟာ ဖောက်ပြန်တဲ့ ရာသီဥတုတွေ လျော့ပါးသွားအောင် ရာသီဥတုကောင်းမွန်အောင်၊ လုပ်ဆောင်တာပါ။ ရာသီဥတုကို အမှီပြုနေရတဲ့လူတွေအတွက် သစ်တောတွေကို ထိန်းပေးနေတဲ့ ဆင်တွေရှိတာဟာ သွယ်ဝိုက်သောနည်းနဲ့ လူတွေကို အကျိုးပြုနေတာကြောင့် တောဆင်ရိုင်းတွေကို ကာကွယ်ထိန်းသိမ်းဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။