ဧပြီလ ၁၀ ရက် ဒီနေ့ ကျရောက်တဲ့ ၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော် AA ထူထောင်တဲ့ နေ့မှာ ရခိုင်လူမျိုးတွေနဲ့အတူ AA ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ဆုတောင်းသ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။
အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရရေး၊ အာဏာရှင်စနစ် ဖြုတ်ချရေးတို့အတွက် ရခိုင်လူထုကိုဦးဆောင်ပြီး တော်လှန်ရေး ဆင်နွဲဖို့ ထူထောင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AA ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိအမှတ်ပြု ဂုဏ်ပြုတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
NUG ဟာလည်း လူမျိုးကြီးဝါဒ၊ တပြည်ထောင်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး တန်းတူ ညီမျှရေး၊ ကိုယ်တိုင်ပြဌာန်းခွင့်တို့ကို အာမခံနိုင်မယ့် နိုင်ငံရေးစနစ်သစ် ဖန်တီးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ မတ်လ၂၄ ရက်က NUG ဟာ AA ကို အာဏာရှင်စနစ် ဖြုတ်ချရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ဖို့ အလွတ်သဘော ဆွေးနွေးလိုတယ် ဆိုပြီး ဖိတ်ကြားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာတော့ ရခိုင်ပြည်နယ်ထဲမှာ AA နဲ့ မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လမှာ AA ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာခဲ့ပါတယ်။
AA ထူထောင်တဲ့ ၁၃ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာပဲ ရန်ကုန်က တက္ကသိုလ် ကျောင်းသား တွေပါတဲ့ ကျောင်းသားလက်ရုံးတပ် (SAF) ကလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး ရက္ခိုင့်တပ် တော်က အခြေခံစစ်ပညာ သင်ပေးခဲ့ကြောင်း ဖော်ပြလာပါတယ်။
ဒါ့အပြင် မကွေးတိုင်းထဲက လူထုတော်လှန်ရေးမဟာမိတ် (PRA - Magway) ကပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာလည်း AA က ပေးခဲ့တဲ့ စစ်ရေးဆိုင်ရာ အထောက်အပံ့တွေ၊ စစ်ဘေး ဒုက္ခသည် ပြည်သူတွေကို ကူညီစောင့်ရှောက်မှုတွေအတွက် ကျေးဇူးအထူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ကိုးကန့်တပ် (MNDAA) နောက်ပြီး ပြည်သူ့လွတ်လပ်ရေးတပ်တော် (PLA/PLO)၊ ပြည်သူ့လွတ်မြောက်ရေးတပ် မတော် (PLA) စတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကလည်း ရက္ခိုင့်တပ်တော်နေ့အတွက် ဂုဏ်ပြုကြောင်း ပေးပို့ခဲ့ကြပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ လူငယ် ၂၉ ယောက်နဲ့ ကချင်ပြည်နယ် KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့မှာ စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် ၁၃ နှစ်ကြာ သက်တမ်းရှိလာခဲ့ပြီ ဖြစ်ပါတယ်။