စစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့ အဖွဲ့ ၁၄ ခု ပူးတွဲထုတ်ပြန်

2022.06.26
စစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့ အဖွဲ့ ၁၄ ခု ပူးတွဲထုတ်ပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား နေပြည်တော်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီက ပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ ညှဉ်းပန်းနှိပ်စက်နေတာတွေကို အာဆီယံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအားလုံးက စစ်ကောင်စီအပေါ် နိုင်ငံရေး အရဖိအားပေးဖို့ ပြည်တွင်းအရပ်ဘက်အဖွဲအစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာ ထုတ်ပြန်ချက်အနေ နဲ့ အရပ်ဖက် အဖွဲ့စည်းပေါင်း ၁၄ ခုက ဇွန်လ ၂၆ ရက် ဒီနေ့မှာ အချက်လေးချက်ဝင်တဲ့ တောင်းဆိုချက်တွေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီကြောင့် လူ့အခွင့်အရေးကျူးလွန်ခံနေရသူတွေ တရားမျှတမှုရစေဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုတဲ့အနေနဲ့ အခုလိုထုတ်ပြန်တာလို့ ထုတ်ပြန်ချက် ထဲမှာပါဝင်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အဖွဲ့ဝင်တစ်ဦးက RFA ကို ပြော ပါတယ်။

“ထောင်တွေထဲမှာ ရုပ်ပိုင်း စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာတွေ နှိပ်စက်ခံနေရတယ်။ ကျူး လွန်ခံရသူတွေ တရားမျှတမှုရဖို့ ပြည်သူတစ်ရပ်လုံးက အသံထွက်ပေးဖို့လိုတယ်။ ဝိုင်းဝန်းပါဝင်ပေးဖို့လိုတယ်။ နိုင်ငံတကာအနေနဲ့လည်း စစ်တပ်ကို လက်နက်ပိတ်ဆို့ တဲ့ကိစ္စ၊ စီးပွားရေးပိတ်ဆို့တဲ့ကိစ္စတွေကို သေချာလေး လုပ်ပေးဖို့လိုတယ်”

အဲဒီတောင်းဆိုချက်တွေကတော့ စစ်ကောင်စီနဲ့ တရားဝင်ဖြစ်စေမယ့် ဆက်ဆံရေးတွေ မလုပ်ဖို့၊ လက်နက်ပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့် အကောင်ထည်ဖော်ဖို့၊ စစ်တပ်နဲ့ စစ် တပ်လိုလားသူတွေရဲ့ စီးပွားရေးကို ပိတ်ဆို့ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ညှဉ်း ပန်းတာတွေ အဆုံးသတ်နိုင်ဖို့နဲ့ ကျူးလွန်သူတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကိုလွဲပြောင်းနိုင်ရေးတောင်းဆိုရန်ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့ တစ်နှစ်ကျော်အတွင်း စစ်ကြောရေးနဲ့ အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရသူပေါင်း (၉၅) ဦးရှိနေပြီး အရပ်သားသေဆုံးမှု ၂၀၂၁ ဦးအထိ ရှိနေပြီလို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ဟာ ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာရက်စက်မှု၊ လူဂုဏ်သိက္ခာနဲ့မလျော်ညီစွာ ပြု ကျင့်ခံရမှု၊ ပြစ်ဒဏ်ပေးမှုတွေကိုဆန့်ကျင်တဲ့ ကုလသမဂ္ဂရဲ့ သဘောတူစာချုပ် အသက်ဝင် လာတဲ့နေ့ဖြစ်သလို အခြေခံ လူ့အခွင့်ရေးကို အကာကွယ်ပေးဖို့ နိုင်ငံတကာ ဥပဒေအဖြစ် ပေါ်ထွက်လာတဲ့နေ့ဖြစ်ပေမယ့် မြန်မာနိုင်ငံက ပြည်သူတွေအကာကွယ်မဲ့နေတယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၊ အာရှတရားမျှတမှုနဲ့ လူ့အခွင့်ရေးဆိုင်ရာအဖွဲ့၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံး၊ Burma Civil War Museum ၊ ညီမျှခြင်း မြန်မာ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၊ မွန်ပြည်လူ့အခွင့်ရေး ဖောင်ဒေးရှင်း၊ Knowledge Hub Myanmar၊ ကရင်အမျိုးသမီးအစည်းအရုံး၊ လူ့အခွင့်ရေး မှတ်တမ်း ကွန်ရက်၊ တအောင်း အရပ်ဖက် အဖွဲ့အစည်းများ၊ ကရင်နီပြည် လူငယ်များသမဂ္ဂ၊ အမျိုးသမီးများ အဖွဲ့ချုပ်နဲ့ တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့တို့ ဖြစ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။