ရိုဟင်ဂျာ ၁၅ ယောက် မင်းလှမှာ ထောင်ဒဏ် နှစ်နှစ်စီချမှတ်ခံရ

ဖြူဖြူခိုင်
2020.03.06

မကွေးတိုင်း မင်းလှမြို့နယ်မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ ၁၆ ယောက်ထဲက အသက် ‌‌‌ခြောက်နှစ်အရွယ် ကလေးတစ်ဦးက လွဲပြီး ၁၅ ယောက်ကို အထောက်အထားမဲ့ ခရီးသွားလို့ဆိုပြီး ဒီနေ့ မတ် ၆ ရက်နေ့မှာ မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။

မကွေးတိုင်း မင်လှမြို့နယ်မှာဖမ်းထားတဲ့ ရိုဟင်ဂျာ အမျိုးသမီး ခုနှစ်ယောက် နဲ့ အမျိုးသား ရှစ်ယောက်ကို အထောက်အထားမဲ့ ခရီးသွားလာမှုနဲ့ ၁၉၄၇ ခုနစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆ အပိုဒ် ၃ အရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်  နှစ်နှစ်စီ ကျခံဖို့ တရားရုံးက အမိန့် ချလိုက်ပါတယ်။ ဒီလို အမိန့်ချလိုက်တာနဲ့ပတ်သက်လို့ တရားလိုဖြစ်တဲ့ မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ပြည်စိုး က ပြောပါတယ်။

“ကျွန်တော်တို့က လိုအပ်တဲ့သက်သေခံလက်မှတ် အထောက်အထားမပါဘူးဆိုရင် သက်သေပြချက်က အများကြီး မလိုဘူး။ တခြားအမှုတွေလို အများကြီးမလိုဘူး။ အဲဒါကြောင့်လည်း မြန်ဆန်တာ နေမှာပါ။”

သူတို့ကို ပြစ်ဒဏ်ချမှတ်ပြီးနောက် ဒေသတွင်းက သရက်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

သူတို့ဟာ မင်းလှမြို့နယ်မှာ ဖေဖော်ဝါရီ ၁၃၊ ၁၄ ရက်နေ့တွေက ဖမ်းခံခဲ့ရတာပါ။ အသက် ‌ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကိုတော့ မကွေးမြို့က ကလေးပြုစုရေးဂေဟာမှာ မိခင်ဖြစ်သူ ထောင်ကနေ လွတ်မြောက်တဲ့အထိ ထိန်းသိမ်းစောင့်ရှောက်ထားမှာဖြစ်ပါတယ်။

မင်းလှမြို့နယ်မှာ သုံးနှစ်အတွင်း အလားတူ အရေးယူခံရတဲ့ ရိုဟင်ဂျာ ၂၀၀ ကျော် ရှိတယ်လို့ ဦးအောင်ပြည်စိုးက ဆိုပါတယ်။

အထောက်အထားမဲ့ ခရီးသွားလာမှုနဲ့ပဲ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာလည်း ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၇၀ဦး အမှုကို ဒီနေ့ မတ် ၆ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

သူတို့အားလုံးထဲက အသက် ၁၀ နှစ်အောက် ကလေး သုံးဦးကလွဲပြီး ၆၇ ဦးကို မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဌာနက တရားစွဲခဲ့တာပါ။

တရားလိုပြသက်သေတွေဖြစ်တဲ့ လှည်းကူးမြို့မရဲစခန်းမှူးအပါအဝင် ရဲလေးဦးကို ဒီနေ့  စစ်ဆေးခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းတုန်းက ပါခဲ့လို့ သက်သေအဖြစ်လာရောက်ထွက်ဆိုတာလို့ ဒီနေ့ စစ်ဆေးခံခဲ့တဲ့ လှည်းကူးမြို့မ စခန်းမှူး ဒုရဲမှူးမောင်မောင်ဦး က ပြောပါတယ်။

“လဝကဦးစီးဌာနကနေ လဝကအက်နဲ့ လှည်းကူးမြို့နယ်တရားမှာ တရားစွဲဆိုတာ၊ ကျနော်ကတော့ သက်သေပေါ့၊ ကျနော်တို့က သူတို့ကိုထိန်းသိမ်းတဲ့အခါ ပါတဲ့အတွက် သက်သေအဖြစ်ထွက်ဆိုပေးတာပါ”

လှည်းကူးအမှုမှာ မြို့နယ်လ.ဝ.ကအရာရှိ (ဒုဦးစီးမှူး) ဦးသန်းဆောင် အပါအဝင် ၁၁ဦးကို သက်သေအဖြစ် တင်သွင်းထားပြီး ပထမရုံးချိန်းတုန်းက သုံးဦးကို စစ်ဆေးခဲ့ပြီးပါပြီ။

ဒီလူတွေကို တရားစွဲထားတဲ့ ပုဒ်မဟာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပြီး၊ အဓိက ကတော့ ခရီးသွားတဲ့သူတိုင်း မြန်မာနိုင်ငံမှာ မှတ်ပုံတင် ဒါမှမဟုတ် ထောက်ခံစာတစ်ခုခု ကိုင်ဆောင်ဖို့ လိုအပ်တယ်ဆိုတာ ပြသနေပါတယ်။

လှည်းကူးမြို့နယ်အနီး တောထဲမှာ ဖေဖော်ဝါရီလ ၁၉၊ ၂၀ နဲ့ ၂၁ ရက်နေ့က ဒီရိုဟင်ဂျာ အယောက် ၇၀ နီးပါးကို ရဲတွေက ဖမ်းမိခဲ့တာပါ။

သူတို့နဲ့အတူ ခြံပိုင်ရှင် တစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦးကိုလည်း ဖမ်းမိခဲ့တာပါ။ ဒါပေမဲ့ အဲဒီနှစ်ဦးကိုတော့ ဘယ်လို ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်ဆိုတာ မသိရပါဘူး။

ရခိုင်ပြည်နယ်မှာ စားဝတ်နေရေး ခက်ခဲလို့ ထွက်လာကြတာလို့ ဖမ်းဆီးတရားစွဲခံရသူတစ်ဦးက တရားရုံးအထွက် မှာ ပြောခဲ့ပါတယ်။

“ကျနော်တို့ရခိုင်ကဒုက္ခသည်တွေဟာ သွားလာလုပ်ကိုင်စားသောက်လို့မရတော့ဘူး၊ အဲဒါကြောင့် ကျနော်တို့ထွက်ပြေးလာတာ၊ စားသောက်ရတာ ဘာမှအဆင်မပြေတော့ဘူး၊”

သူတို့အားလုံးက ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်တွေကနေ မလေးရှားနိုင်ငံကို သွားဖို့ ကြိုးစားရင်း ဖမ်းခံရသူတွေပါ။

ဒီလူတွေဟာ သူတို့ဒေသမှာ အလုပ်အကိုင်ရှားပါးလို့ လူပွဲစားတွေကို ပိုက်ဆံပေးပြီး လာကြတာလို့  ရိုဟင်ဂျာ ၇၀ ရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ ဒေါ်သဇင်မြတ်မြတ်ဝင်း က ပြောပါတယ်။

“သူတို့ဟာ အလုပ်အကိုင်ရှားပါးတာကြောင့် ပွဲစားတွေသွေးဆောင်ဖျားယောင်းတာကြောင့် ပိုက်ဆံပေးပြီး လိုက်လာကြတာ၊ တချို့က ဆယ်သိန်းပေးရတယ်၊တချို့က သိန်းသုံးဆယ်ပေးရတယ်၊ တချို့ကျ ပေးစရာ မလိုဘူး လိုက်ခဲ့၊ အလုပ်ရမှပေးဆို ခေါ်လာတယ်၊ ကလေးတွေထွက်ချက်ပေါ့၊ လမ်းရောက်မှ ရိုက်နှက် ပိုက်ဆံတောင်းတာတွေ မရရင်ပစ်ခဲ့တာမျိုးရှိတယ်လို့ပြောတယ်”

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက RFA က ရန်ကုန်တိုင်း လဝကဦးစီးမှူး ဦးစောနိုင်ကို မေးမြန်းရာမှာ တော့ ဒီဥပဒေနဲ့ ဗမာ အပါအဝင် တခြား တိုင်းရင်းသားတွေအပေါ်မှာ အရေးယူဖူးတာတော့ မရှိဘူးလို့ ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ် အခြေအနေအရ ရိုဟင်ဂျာတွေ ခရီးသွားလာတဲ့အခါမှာတော့ အထောက်အထားလိုအပ်တယ်လို့ ဆိုပါတယ်။

လှည်းကူးမြို့နယ်တရားရုံးမှာ ၂၀၁၉ နှစ်တုန်းကလည်း အထောက်အထားမဲ့ခရီးသွားလို့ဆိုပြီး ရိုဟင်ဂျာ နှစ်ယောက် ကို မှတ်ပုံတင်အက်ဥပဒေနဲ့ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ဖူးပါတယ်။

အစိုးရက ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးသင့်တယ်၊ ဖမ်းမိခဲ့ရင်လည်း အခုလို ဖမ်းဆီး ထောင်ချတာ မလုပ်ဘဲ နေရပ်ပြန်ပို့ပေးသင့်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

“ပြည်တွင်းမှာ တစ်နေရာကနေ တစ်နေရာသွားတဲ့အခါ အထောက်အထားမရှိဘူးဆိုပေမယ့် သေချာတာ ကတော့ သူတို့က နိုင်ငံခြားသားတွေမဟုတ်ဘူး၊ အဲလူတွေကို ထောင်ဒဏ်ချမယ့်အစား သူတို့နေရပ်ကို ပြန်ပို့လိုက်တာက ပိုပြီးသင့်တော်မှုရှိတယ်လို့ ကျနော်မြင်တယ်”

ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးသာအေး ပြောသွားတာပါ။

သူတို့တွေ ထောင်ကနေ လွတ်မြောက်လာတဲ့အခါမှာတော့ ရခိုင်ပြည်နယ်က သူတို့နေရပ်ကိုပဲ ပြန်ပို့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာအများစုဟာ ၂၀၁၂ ခုနှစ်ကစတင်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ကြောင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာပါ။ အခုလို ဖမ်းဆီးခံရသူတွေဟာလည်း ဒီလို ဒုက္ခသည် စခန်းတွေကနေ ထွက်ပြေးလာသူတွေ များပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ ၂ဝ၂ဝ ဖေဖော်ဝါရီအထိ လေးလအတွင်း မှတ်ပုံတင် အထောက်အထားမပါလို့ ပြည်တွင်းမှာ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာ ၅၀၀ ကျော် တရားရင်ဆိုင်နေရပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာတော့ သုံးနှစ်အတွင်းအဖမ်းခံရတဲ့ ရိုဟင်ဂျာ ၁၇၀၀ နီးပါးရှိတယ်လို့ RFA က သီးသန့်ဖတ်ခွင့်ရတဲ့ တပ်မတော် (ရေ) ရဲ့ လျှို့ဝှက်စာရင်းမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ အများစုဟာ မှတ်ပုံတင်မရှိပါဘူး။ ခရီးသွားလာဖို့လည်း ကန့်သတ်ခံထားရတာပါ။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ သွားလာခွင့်ကန့်သတ်ခံထားရတဲ့အပြင် အလုပ်အကိုင်နဲ့ တခြား အခြေခံ လူ့အခွင့်အရေးတွေလည်း မရတာကြောင့် နေရပ်စွန့်ခွာကြရာကနေ အခုလိုဖမ်းဆီးခံရတဲ့ ပြဿနာတွေ ရှိနေတာလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။