နိုင်ငံရေးအကျဉ်းသားမဟုတ်တဲ့ အကျဉ်းသား ၁၆ဝဝ ကျော်ကို စစ်ကောင်စီလွှတ်ပေး

2022.04.17
နိုင်ငံရေးအကျဉ်းသားမဟုတ်တဲ့ အကျဉ်းသား ၁၆ဝဝ ကျော်ကို စစ်ကောင်စီလွှတ်ပေး ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် အကျဉ်းသားများ၏ မိသားစုဝင်များ လာရောက်စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်
Photo: RFA

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက် ဒီနေ့မှာ စစ်ကောင်စီက အကျဉ်းသား ၁၆ဝဝ ကျော်ကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပါတယ်။

နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား ၄၂ ယောက် စုစုပေါင်း ၁၆၁၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးတာလို့ ကြေညာထား တာပါ။

"သူတို့မလွှတ်တာသည် သူတို့မှာ ရည်ရွယ်ချက်ရှိပြီးသား မင်းတို့ကို ငါတို့ မလွှတ်လည်းရတယ် ငါတို့လက်ထဲမှာ"

ဒီလိုကြေညာပြီးတဲ့ မနက်ခင်းမှာပဲ ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ သက်ဆိုင်ရာ မိသားစုဝင်တွေက မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ကြပြီး အဲဒီထဲမှာ ပုဒ်မ ၅ဝ၅ (က) နဲ့ ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ မိခင် ဒေါ်မြင့်မြင့်ဆွေလည်း ပါဝင်ပါတယ်။

“သားလေးလွတ်မယ်လို့တော့ မျှော်လင့်ပါတယ်။ ကိုယ့်မှာလည်း ရှားရှားပါးပါး ဒီသားလေး တစ်ယောက်ပဲရှိတယ်။ လွတ်လည်း လွတ်စေချင်တယ်။ သူ့ပညာရေး လေးအတွက်လည်း နှမျောတယ်။ နောက်ဆုံးနှစ် ကျောင်းသား ဘွဲ့ယူရတော့မှာပါရှင့်။ လွတ်စေချင်ပါတယ်။ နိုင်ငံရေးသမားအားလုံးကို လွတ်စေချင်တာ အမှန်ပဲ။ ကိုယ့်သား တစ်ယောက်တည်းမှ မဟုတ်ဘူး”

ဒေါ်မြင့်မြင့်ဆွေရဲ့ သားဖြစ်သူဟာ နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရင်းကနေ အဖမ်းခံခဲ့ရသူဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ မလုပ် ချင်လို့ CDM ဆိုတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြလို့ ဖမ်းဆီး ခံခဲ့ရသူတွေလည်း ရှိပါတယ်။

CDM ရဲဝန်ထမ်းတစ်ယောက်ရဲ့ မိခင် ဒေါ်ကြူကြူကလည်း သားဖြစ်သူ လွတ်မြောက်လာ မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေခဲ့ပါတယ်။

“အန်တီကတော့ အန်တီ့သားကို လွတ်စေချင်တယ်။ လွတ်စေချင်တာတော့ အတိုင်း ထက်အလွန်ပေါ့။ အခုလည်း လွတ်မယ်လို့ထင်တဲ့ မျှော်လင့်ချက်နဲ့လာတာ။ အန်တီ တို့ကတော့ ၅ဝ၅ (က) သမားတွေကို အမြန်ဆုံးလွတ်စေချင်တယ်။ များများလည်း ပါစေချင်တယ်။ ကျန်တဲ့သူတွေကိုလည်း လွတ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်သားလည်းပါတယ်။ တစ်နိုင်ငံလုံးက ကိုယ့်သားသမီးတွေပဲလေ။ အဲဒီတော့ အဲဒီကလေးတွေကို မြန်မြန်ပြန်လွတ်စေချင်တယ်”

ဒါပေမဲ့လည်း ဒီနေ့ လွတ်ငြိမ်းသက်သာခွင့်မှာ ပါဝင်သူတွေဟာ စစ်ကောင်စီကို ဆန့်ကျင် နေသူတွေကို တရားစွဲဆိုလေ့ရှိတဲ့ ပုဒ်မ ၅ဝ၅ နဲ့ မသက်ဆိုင်တဲ့ မူးယစ်မှု၊ လဝက အမှုတွေ အများဆုံးပါဝင်တယ်လို့ အကျဉ်းဦးစီးဌာနက အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ယောက် က ပြောပါတယ်။

“ကျွန်တော်တို့က အားလုံးပေါင်းစာရင်းတွေပဲ ကိုင်ထားတာဗျ။ အားလုံးပေါင်းက ၁၅၇၇ ပါခင်ဗျ။ ၁၅၇၇ က နိုင်ငံသားပါ။ ၄၂ ယောက်က နိုင်ငံခြားသားပါဗျ။ သူတို့ နိုင်ငံခြား သား လုပ်ထုံးလုပ်နည်းနဲ့အတူ ဆက်လုပ်ပါလိမ့်မယ်ဗျ။ ပုဒ်မတွေက အစုံပါပဲခင်ဗျ။ မူးယစ်ဆေးဝါးလည်းပါတယ်။ လဝက အမှုတွေလည်း ပါပါတယ်ဗျ”

ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ အကျဉ်းကျခံနေရသူ ၁၆ဝ ပြန်လွတ်လာပြီး သူတို့တွေကို ဘတ်စ်ကားတွေနဲ့ အကျဉ်းထောင် အနောက်ဘက် အပေါက်ကနေ ခေါ်ထုတ်သွားခဲ့တာ ဖြစ်ပါတယ်။

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ကနေ အကျဉ်းသား ၁၆ဝ ကျော် လွတ်ငြိမ်းသက်သာ ခွင့်နဲ လွတ်မြောက်ခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူမပါဘဲ နိုင်ငံခြားသား အကျဉ်းသား ၃ဝ လောက်တော့ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“အခုထက်ထိ လွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား မပါသေးဘူး၊ အခုထက်ထိလည်း ဆက်ပြီးလွှတ်နေတုန်းပဲ၊ သိထားသလောက် ၁၆ဝ ကျော်လွတ်မယ်၊ နိုင်ငံခြားသား ဆိုလည်း ၂ဝ ကျော်၊ ၃၀ ပါမယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး ထောင်ထဲရောက်နေတဲ့ သူတွေ အကုန်လွတ်စေချင်တယ်။ မလွတ်လာတဲ့အတွက်လည်း စိတ်မကောင်းဘူး“

ဒီနေ့မှာ လွတ်လာသူတွေဟာ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် ကျန်ရှိတဲ့ပြစ်ဒဏ်ပါ တစ်ပေါင်းတည်း ကျခံရမယ်ဆိုတဲ့အချက်ကို စစ်ကောင်စီက ထည့်သွင်းထားပါသေးတယ်။

တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်ကဆိုရင် ရဲပြေး၊ တပ်ပြေးနဲ့ မူးယစ်ဆေးဝါးအမှု စတာတွေနဲ့ အကျဉ်းကျခံနေရသူ ရှစ်ဦးသာ ပြန်လွတ်လာပြီး နိုင်ငံရေးအကျဉ်းသား တစ်ဦးမှမပါဘူးလို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျိုးအမြတ်အတွက်ပဲ လွှတ် ပေးလေ့ရှိတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ သူက ပြန်ပေးဆွဲပြီး ဓားစာခံလုပ်ထားတာ။ လိုအပ်ရင် နိုင်ငံရေး အကျိုးအမြတ်အလို့ငှာ အပေးအယူလုပ်မယ်။ သိပ်ဖိအားများ လာပြီဆိုရင် ဓားစာခံလုပ်ထားတဲ့ထဲက တချို့လွှတ်ပေးမယ်။ သူတို့မလွှတ်တာသည် သူတို့မှာ ရည်ရွယ်ချက်ရှိပြီးသား မင်းတို့ကို ငါတို့ မလွှတ်လည်းရတယ် ငါတို့လက်ထဲမှာ။ သူတို့ အဲဒီလိုလုပ်တာက အဖြေမဟုတ်ဘူးလေ။ အဲဒီလိုလုပ်လေလေ ပြည်သူလူထုရဲ့ နာကျင်စိတ်က အခုအချိန်မှာ အမြင့်ဆုံးကို ရောက်သွားပြီ”

နိုင်ငံရေးအကျဉ်းသား မဟုတ်သူတွေကို လွှတ်ပေးတဲ့နေရာမှာလည်း ထောင်တစ်ခုချင်းစီ အလိုက် အရေအတွက်အတိအကျကို မထုတ်ပြန်တာက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဦးထွန်းကြည်က ဝေဖန်ပါတယ်။

prisoners-free.jpg
၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် အကျဉ်းသားများ၏ မိသားစုဝင်များ လာရောက်စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ် (Photo: RFA)

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာလည်း အကျဉ်းကျခံနေရသူ နှစ်သောင်းသုံး ထောင်ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာ သိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ၂ဝ၂၂ ခုနှစ် ဧပြီ ၁၅ ရက် နေ့အထိ ဖမ်းဆီးခံခဲ့ရသူ ၁ဝ၂၃၈ ယောက်ရှိပြီး အဲဒီထဲမှာ ၉၉၆ ယောက်က ပြစ်ဒဏ်ချမှတ် ခံထားရပြီးပါပြီ။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသား မဟုတ်သူ ၈ဝဝ ကျော်ကို ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ လွှတ်ပေးခဲ့ပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၅၆ဝဝ ကျော်၊ ဇွန်လမှာ ၂၂ဝဝ ကျော် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ဖူးပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားနဲ့ သတင်း မီဒီယာသမားတွေ ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။