ရွေးကောက်ပွဲအပြီး ကယားပြည်နယ်က မဲဆန္ဒရှင်လူထုရဲ့ မျှော်လင့်ချက်

စိုးစိုးထက်
2020.11.21

ကယားပြည်နယ်ထဲမှာ ရွေးကောက်ပွဲအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း တချို့က ဒေသဖွံ့ဖြိုးရေးတွေကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရေးတွေထက် ပိုပြီးလုပ်ဆောင်ပေးစေချင်တယ်လို့ ဒေသခံတွေက လိုလားနေကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကယားပြည်နယ်ထဲက မဲဆန္ဒရှင်ပြည်သူတွေက ဒေသအကျိုး ဖော်ဆောင်ပေး နိုင်မယ့်သူတွေလို့ ယူဆရသူတွေကို ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာကာလ တာဝန်ထမ်း ဆောင်ခဲ့ကြပြီးဖြစ်တဲ့ အမတ်လောင်းတွေထဲက တချို့လည်း အခုရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့ကြတာ တွေ့ရပါတယ်။

ကယားပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေရာ ၂၀၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) က ၈ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ၆ နေရာ အနိုင်ရရှိခဲ့ပါတယ်။

လက်ရှိဖားဆောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက သူရဲ့ ၅ နှစ်တာ လွှတ်တော် သက်တမ်းမှာ အဆောက်အုံတွေ အများဆုံးလုပ်ဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး အခုရွေးကောက်ပွဲထပ်မံ အနိုင်ရတဲ့အတွက် လိုအပ်နေသေးတဲ့ ကယားပြည်နယ်ရဲ့ ပြည်ထောင်စုလမ်းမကို ချဲ့ထွင်ဆောင်ရွက်သွားမယ်လို့  ပြောပါတယ်။

“လမ်းပမ်းဆက်သွယ်ရေးက အရမ်းကောင်းတယ်ဆိုပေမယ့်လည်း မော်ချီးဒေသဆိုရင် သိတဲ့အတိုင်းပဲ တစ်ဖက်က လျိုတွေမြောင်တွေ အနေအထားအရပြောရမယ်ဆိုရင် တစ်ဖက်ကတောင်စောင်းတွေပေါ့နော။ လမ်းကအရမ်းကျဉ်းတော့ တောင်ငူ-မော်ချီး-လွိုင်ကော်လမ်းဆိုတာက ပြည်ထောင်စုလမ်းမ၊ ပြည်ထောင်စု လမ်းမ အတိုင်းအတာတော့ မရှိဘူး။ လမ်းနည်းနည်းကျဉ်းတဲ့ဟာတွေဆိုရင် ရသလောက်အတိုင်းအတာနဲ့ အဆင်ပြေအောင် နောက်ထပ်ဆောင်ရွက်သွားဖို့ရှိပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဖားဆောင်းမြို့နယ် အမျိုးသားလွှတ်တော်အမှတ် (၁) မှာ အနိုင်ရခဲ့တဲ့ ဦးလှသိန်းက လမ်းတွေ၊ အဆောက်အအုံတွေရရှိဖို့ သက်ဆိုင်ရာ ပြည်ထောင်စုနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“တချို့ဒေသမှာ ကန့်သတ်နယ်မြေတွေဖြစ်တယ်။ လမ်းတွေ၊ အဆောက်အအုံတွေ၊ ဆောက်လို့ရအောင် သက်ဆိုင်ရာ ပြည်ထောင်စု ကိုယ်စားလှယ်တွေနဲ့ညှိ့ပြီး ဆောင်ရွက်သွားမယ်”

ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးသွားတာနဲ့ ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်တယ်လို့ ပြောလို့မရကြောင်း ကရင်နီလူမှုဖူလုံရေးနဲ့ ဖွံ့ဖြိုးရေး ပင်မတာဝန်ခံ မော်ရီးမြာက ပြောပါတယ်။

“ဖွံ့ဖြိုးရေးလို့ ပြောတဲ့နေရာမှာ အများအားဖြင့် လူတွေက လမ်းတံတားတွေ အဆောက်အအုံတွေပဲ သွားပြီမြင်ယောင်ကြတယ်လေ။ ကျမက အဲဒါတွေမလိုချင်ဘူး။ အဓိကက ဖွံ့ဖြိုးရေးလို့ပြောတဲ့နေရာမှာ ကျမတို့ ပြည်နယ်က လူများလိုမျိုးမဖွံ့ဖြိုးနိုင်သေးဘူးလို့ ထင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ လိုချင်တဲ့ လူတွေပေါ့နော။ လူ့အသိဉာဏ်တွေပေါ့နော။ ဆေးရုံကြီးဆောက်တာနဲ့ ဖွံ့ဖြိုးပြီလို့ ပြောလို့မရ သေးဘူးပေါ့နော။ ဆေးရုံထဲမှာ ကျမတို့ကိုယ်ပိုင် ကရင်နီလူထုတွေ ဆေးရုံအကြီးတွေ အများကြီးဖြစ်ဖို့ လိုသေးတယ်။ အင်ဂျင်နီယာတွေ ဆရာ၊ ဆရာမတွေ အများကြီးလိုသေးတယ်။ ဒီကဒေသခံတွေ ပညာတတ်တွေဖြစ်ဖို့ လိုသေးတယ်လို့ ကျမထင်ပါတယ်”

ပြီးခဲ့တဲ့ အစိုးရလက်ထက် ငါးနှစ်တာကာလအတွင်းမှာ လျှပ်စစ်မီးကဏ္ဍ ၃၀.၉၉၃ ဘီလီယံ ၊ လမ်း၊ တံတားလုပ်ငန်း၊ စည်ပင်သာယာလုပ်ငန်းကဏ္ဍမှာ ၁၄၁.၅၂၀ ဘီလီယံ၊ ရေရရှိရေးလုပ်ငန်းမှာတော့ ၁၉.၇၉၅ ဘီလီယံနဲ့ အခြားဖွံ့ဖြိုးရေးကဏ္ဍတွေက ၅၆.၃၈၉ ဘီလီယံ စုစုပေါင်း ၂၄၈.၆၉၃ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကယားပြည်နယ် ရသုံးမှန်းခြေ ငွေစရင်းဦးစီးဌာနထုတ်ဝေတဲ့ စာစောင်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထပ်မံအနိုင်ရထားတဲ့ NLD ကိုယ်စားလှယ် ဦးစိုင်းပန်ဖကတော့ အခြေခံလိုအပ်ချက်တွေကို ဦးစားပေးပြီးရင် ဖွံ့ဖြိုးရေးပိုင်းတွေ လုပ်ဆောင်မယ်လို့ ပြောပါတယ်။

“လမ်းတို့ တံတားတို့ ဖွံ့ဖြိုးပြီဆိုတာနဲ့ ကျန်တာဖွံ့ဖြိုးပြီလို့ထင်လား။ ဆိုတော့ အဲဒီလိုပါပဲ ဒီတစ်ခုတည်း နဲ့တော့ ဖွံ့ဖြိုးတာ မဟုတ်ဘူးပေါ့နော။ အကုန်လုံး တွဲသွားရတာပေါ့။ အဓိကကတော့ အခြေခံပိုင်းကို ကျနော်တို့က လုပ်ပြီးတော့မှ အခြေခံပိုင်းပြည့်ပြီဆိုခါမှ ကျန်တဲ့ SME (အသေးစားလုပ်ငန်းရှင်) ချေးငွေ ကိစ္စတွေ လာတော့မှာပေါ့လေ။ လူလတ်တန်းစားတွေဆိုရင်လည်း သူဟာသူ အသေးစား ချေးငွေ၊ အလုပ် အကိုင်ရရှိရေးတို့ ဒီလိုတွေ တစ်ဆင့်ထပ်ပြီးတော့ သွားမှာပေါ့နော။ ကျနော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့တွက် အလုပ်အကိုင်ရရှိရေးတို့ စွန့်ဦးတီထွင်ဖို့တို့ ဒါတွေဆက်ပြီးတော့ သွားမှာပေါ့နော။ အဲဒါတွေရှိပါတယ်။ နောက်ပြီးတော့ ပညာရေးကိုလည်း ဆက်ပြီးတော့မှ အခုဆိုရင် မူလတန်းအထိ အခမဲ့ နောက်ဆိုရင် အလယ်တန်းကနေ အထက်တန်းအထိ အခမဲ့ဖြစ်အောင်ပေါ့။ ကျန်းမာရေးဆိုရင်လည်း အသုံးစရိတ် မြင့်မြင့်ပိုသုံးစွဲပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုကောင်းအောင်လို့ ပြည်သူပြည်သားအနေနဲ့ ပိုက်ဆံမရှိလည်း ကျန်းမာရေး ကုနိုင်အောင်ဆက်ပြီးတော့ ကြိုးစားသွားမှာပေါ့”

NLD အစိုးရလက်ထက်မှာ ကယားပြည်နယ်ထဲ သိသိသာသာမဟုတ်ပေမယ့် အရင်ကထက်တော့ ပြောင်းလဲမှု ရှိတယ်လို့ ဒေသခံ ဦးဝီရယ်က ပြောပါတယ်။

“သိသိသာသာတော့ ကျနော် သိပ်မတွေ့ရဘူးပေါ့နော။ ဒါပေမဲ့ နည်းနည်းပြောင်းလဲသွားတာတော့ ရှိပါတယ်။ ဥပမာ လမ်းတံတားတွေတော့သူတို့ လုပ်ပေးထားတာတော့ ရှိတယ်ပေါ့နော။ နည်းနည်းပါးပါး တကယ့်အဆင်ပြေပြီး သိသိသာသာပြောင်းလဲသွားတာတော့ မရှိဘူးပေါ့နော။ ဒါပေမဲ့ ပြောင်းလဲမှု တော့ရှိလာတယ်”

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်မှာ အနိုင်ရရှိခဲ့တဲ့ ဦးသဲရယ်က ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"အဓိက ဒီမှာပြဿနာဖြစ်နေတာက ရေခက်ခဲတဲ့ပြဿနာပေါ့နော။ ဒုတိယတစ်ခုက မြေယာပြဿနာပေါ့။ တတိယတစ်ခုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အားကောင်းအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းက ပြောစရာမလိုဘူးပေါ့နော။ ဒါတွေက ဆောင်ရွက်ပေးပြီးသား"

ခေတ်အဆက်ဆက်က ပြည်နယ်ရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လမ်း၊ တံတား၊ လျှပ်စစ်မီး စတာတွေက အမြဲတမ်းဒုက္ခရောက်နေခဲ့ကြတာဖြစ်တဲ့အတွက် ပြည်သူလူထုတချို့က ဖွံ့ဖြိုးမှုတွေကို လိုလားနေကြတာဖြစ်ပါတယ်။

ဒါတွေက တက်လာတဲ့အစိုးရတိုင်းက ဒီအခြေခံအဆောက်အအုံတွေကို လုပ်ပေးရမည့် ဝတ္တရား ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုကျော်ထင်အောင်က ပြောပါတယ်။

“အဓိက ရွာတိုင်းမှာ ကျောင်းတွေ၊ ဆေးပေးခန်းတွေ မရှိသေးဘူးပေါ့။ လမ်းပမ်းဆက်သွယ်ရေး အခက် ကြုံတဲ့နေရာမှာဆိုရင် အစိုရရဲ့သတ်မှတ်ချက်တွေအရလည်း ကျောင်းတွေ၊ ဆေးပေးခန်းတွေ လုံးဝမရနိုင်တဲ့ အခြေအနေဖြစ်နေတယ်ပေါ့။ ပြည်နယ်အထူးပြုတွေကို ဖြေလျော့ပြီးတော့ စာသင်ကျောင်းရော၊ ဆေးရုံဆေးပေးခန်းရော လက်လှမ်းမှီအောင် ဖော်ဆောင်သင့်တယ်။ ခရီးလမ်းပမ်းကြားမှာ မလိုလားအပ်တဲ့ ကျန်းမာရေးဆုံးရှုံးမှုတွေ ပညာရေးဆိုင်ရာဆုံးရှုံးမှုတွေ အရွယ်မတိုင်ခင် ကျောင်းထွက်နှုန်းတွေက မြင့်လာလိမ့်မယ်။ ကလေးတွေက တစ်ရက်၊ တစ်ရက် အဝေးရွာကနေ ကျောင်းတက်ရတာတို့၊ ဆရာ၊ ဆရာမ မစုံတာတို့၊ သင်ထောက်ကူမစုံတာတို့ အချိန်မတန်ခင် ကျောင်းထွက်မှုတို့ ဆက်ရှိနေဦးမှာပေါ့။ ကျနော်တို့ ကိုဗစ်ကာလ တစ်နှစ်နားထားတဲ့အချိန်မှာ စနစ်တကျ ပြန်လုပ်ပြီးတော့ လက်ရှိသတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေကို လိုက်နာပေးသင့်တယ်။ ရွာအိမ်ခြေတွေ သူတို့တွေ အကြောင်းအမျိုးမျိုးပြပြီးတော့ လေးငါးရွာ တစ်ကျောင်းတောင် မလုပ်နိုင်တဲ့အခြေအနေရှိတယ်။ မဟုတ်တဲ့နေရာမှာ ငွေတွေအများကြီး သုံးပြီတော့မှ တကယ့်တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံတဲ့၊ မသုံးစွဲနိုင်တဲ့ဟာကို နောက်သက်တမ်းမှာ ပြုပြင်နိုင်မှ ကျနော်တို့ တိုင်းပြည်က ရုပ်ဝတ္တုရော၊ အနာဂတ်မှာရော တိုးတက်မှာဖြစ်ပါတယ်”

ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ပြည်ထောင်စုကနေ ထောက်ပံ့ငွေ စုစုပေါင်း (၃၃၁.၄၂၃) ဘီလီယံ အခွန်ဝေစု (၂၄.၄၂၀) ဘီလီယံနဲ့ လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ (၃.၅၀၀) ဘီလီယံ စုစုပေါင်း (၃၅၉.၃၄၃) ဘီလီယံ ထောက်ပံပေးခဲ့တယ်လို့ ကယားပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ထုတ်ဝေတဲ့ စာစောင်မှာဖော်ပြပါရှိပါတယ်။

အရေးပေါ်ကိစ္စတွေမှာ လျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်ဖို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အရေးပေါ် ရန်ပုံငွေ ၁ ဘီလီယံကို လျာထားဆောင်ရွက်ပေးခဲ့တယ်လို့လည်း ပါရှိပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။