စစ်ကိုင်းနှင့်မကွေး မြို့နယ် ၂ဝ ကျော် ရွေးကောက်ပွဲထက် လုံခြုံရေး ပိုစိုးရိမ်နေကြရ

အခုရက်ပိုင်းကျင်းပမဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း ၁ မှာ ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက မြို့နယ် ၂၀ ကျော် ပါနေပါတယ်။ အဲဒီမြို့နယ်တွေထဲမှာ တိုက်ပွဲတွေနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် မဲပေးနိုင်မှုအခြေအနေ ဘယ်လိုရှိပါသလဲ။ ပြီးတော့ ဒေသခံတွေကရော ရွေးကောက်ပွဲအပေါ် ဘယ်လို သဘောထားတွေရှိပါသလဲ။

RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြပါမယ်။

Video: စစ်ကိုင်းနှင့်မကွေး မြို့နယ် ၂ဝ ကျော် ရွေးကောက်ပွဲထက် လုံခြုံရေး ပိုစိုးရိမ်နေကြရ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြပါမယ်။ (RFA)

စစ်ကော်မရှင်က ၂၀၂၅ ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာလ ၂၈ ရက်မှာ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။ ဒီအထဲမှာ လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ် ၂၁ မြို့နယ် ပါဝင်ပါတယ်။

ဒီ ၂၁ မြို့နယ်ထဲက တစ်ချို့နယ်တွေမှာဆိုရင် ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေသလို၊ စစ်အာဏာပိုင်တွေက လေကြောင်းတိုက်ခိုက်တာတွေ ရှိနေတာကြောင့် ဒေသခံတွေ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုအထိ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲထက် လူတွေရဲ့ လုံခြုံရေးကို စိတ်ပူနေရတယ်လို့ ကန့်ဘလူမြို့နယ် တောင်ပိုင်းနေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒေသခံ - ကန့်ဘလူမြို့နယ် - “စစ်ဘေးရှောင်တွေကတော့ အမြဲလိုလိုရှောင်နေရတာပါပဲဗျာ။ အရင်ညက ဖိုက်တာနှစ်စီးနဲ့ လေးလုံးပေါ့။ ကျောင်းကုန်းက လူနေအိမ်လေးလုံးပျက်စီးတယ်။ မင်းဘာ စာသင်ကျောင်းကလည်းပဲ ဗုံးနှစ်လုံးချလိုက်တာ ပျက်စီးသွားတယ်။ လူအထိအခိုက်ကတော့ အခုထိအောင် သတင်းမရသေးဘူး။ လွတ်လပ်တဲ့ ရွေးကောက်ပွဲက မဖြစ်နိုင်ဘူး။ မြို့ပေါ်ကလူကလည်းပဲ ရွေးကောက်ပွဲကာလကို ကြောက်ပြီးတော့ တိမ်းရှောင်တဲ့လူတွေ တွေ့ရတယ်။ ကျနော်မြင်သလောက်က စိတ်ဝင်စားတဲ့လူက ၂၀ ရာခိုင်နှုန်းပဲရှိမယ်ထင်တယ်”

စစ်ကိုင်းတိုင်းအတွင်းမှာ ရွေးကောက်ပွဲ ပထမပိုင်းအနေနဲ့ အစောဆုံးကျင်းပမဲ့ မြို့နယ်တွေက ကန့်ဘလူ၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ ကသာ၊ ဟုမ္မလင်း၊ ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ တမူးနဲ့ ကလေးမြို့နယ်တို့ ဖြစ်ပါတယ်။

ကလေးမြို့နယ်မှာ ဆိုရင်လည်း မြို့ပေါ်မှာတောင် လုံခြုံရေးအခြေအနေတွေကြောင့် ရပ်ကွက်တိုင်းမှာ မဲရုံတွေမဖွင့်နိုင်ဘဲ ရွေးကောက်ပွဲကို နေရာအနှံ့ မကျင်းပနိုင်ဘူးလို့ ကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

ကလေးမြို့ခံ - “ကလေးမှာက မြို့ပေါ်ရပ်ကွက် ၂၀ ရှိတဲ့အထဲမှာ သူတို့ (ရွေးကောက်ပွဲလုပ်ရန်) ကြေညာထားတာ ၁၃ ရက်ကွက်ပေါ့နော်။ ၇ ရပ်ကွက်က သူတို့ လုံးဝသွားလို့လာလို့ မရဘူး။ ရှိတဲ့ ၁၃ ရပ်ကွက်မှာလည်း လှုပ်ရှားမှု (ရွေးကောက်ပွဲလှုပ်ရှားမှု) က မရှိသလောက်ပဲ။ ဝန်ထမ်းတွေလောက်နဲ့ ပျူရွာတွေလောက် အဲဒီလောက်ပါပဲ”

မကွေးတိုင်းထဲမှာလည်း မြို့နယ် ကိုးမြို့နယ်မှာ ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပဖို့ စစ်ကောင်မရှင်က ပြင်ဆင်ထားပါတယ်။

မကွေး၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ သရက်၊ အောင်လံ၊ တောင်တွင်းကြီး၊ မင်းဘူးနဲ့ ပွင့်ဖြူမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပမှာပါ။

အဲဒီအထဲကမှ ပွင့်ဖြူမြို့နယ်မှာ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေသလို ပွင့်ဖြူမြို့နဲ့ ၂၃ မိုင်ခန့်အကွာ ဆင်ဖြူကျွန်းမြို့ပေါ်အထိ ဒီရက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံ ထောင်နဲ့ချီ နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဆင်ဖြူကျွန်းမြို့ပေါ်မှာ ပရဟိတကူညီကယ်ဆယ်ရေးသမားတွေနဲ့ အိမ်စောင့်လူအနည်းငယ်ပဲ ကျန်ခဲ့ပြီး မြို့ခံအားလုံးနီးပါး နေရပ်စွန့်ခွာသွားကြပြီလို့ ဆင်ဖြူကျွန်းမြို့ခံတစ်ဦးက ဒီဇင်ဘာလ ၂၅ နေ့မှာ RFA ကိုပြောပါတယ်။

မြန်မာစစ်အာဏာပိုင်တွေဟာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာပဲ တစ်ဖက်မှာလည်း လေကြောင်းတိုက်ခိုက်တာတွေ ခပ်စိပ်စိပ် လုပ်တာနေတာမို့ ဒေသခံပြည်သူပါဝင်နိုင်မှု အလွန်နည်းတဲ့အပြင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာနိုင်စရာမရှိဘူးလို့ ပွင့်ဖြူမြို့နယ်အပါအဝင် မင်းဘူးခရိုင်အတွင်း လူသားစာနာမှု အကူအညီတွေပေးနေတဲ့ ကိုအညာသားက ပြောပါတယ်။

ကိုအညာသား-မင်းဘူးခရိုင် - “လေကြောင်းတိုက်ခိုက်မှုတွေဆိုရင် စလင်းတို့၊ ပွင့်ဖြူတို့မှာက တောက်လျောက်လုပ်နေတာဗျာ။ ဟိုတနေ့က ပွင့်ဖြူမှာဆိုရင် Mi-35 နဲ့ နှစ်စီးတစ်ပြိုင်တည်း မကွေးလေတပ်ကနေ တက်လာပြီး ပစ်ခတ်တာမျိုးတွေ စလင်းဘက်မှာဆိုရင် Y12 နဲ့ စစ်ကောင်စီဘက်က တိုက်ခိုက်တာတွေရှိတယ်။ တစ်ဘက်ကလည်း ရွေးကောက်ပွဲပေါ့ဗျာ။ တစ်ဘက်က ရေမုတ် တစ်ဘက်က မီးစပေါ့။ ရွေးကောက်ပွဲက ရေမုတ်ဆိုပေမဲ့ အေးချင်ယောင်ဆောင်ထားတာပါ။ သူတို့ရဲ့ ထွက်ပေါက်လို့သဘောထားတာပေါ့။ ပြည်သူလူထုတွေအနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျဉ်းထဲကျပ်ထဲကို ရောက်နေတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ မဲဆန္ဒတွေ ဖြစ်လာမှာမဟုတ်ပါဘူး”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲပြီးကျင်းပမယ်လို့ ကြေညာထားပြီး ရွေးကောက်ပွဲ ဒုတိယပိုင်းနဲ့ တတိယပိုင်း ကျင်းပမဲ့ မြို့နယ်တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေတဲ့ မြို့နယ်တွေ ရှိနေပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပထမပိုင်းကို ၁၀၂ မြို့နယ်၊ ဒုတိယပိုင်းကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မြို့နယ် ၁၀၀ ကျင်းပမယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

တတိယပိုင်းကိုတော့ ရွေးကောက်ပွဲ ဒုတိယအပိုင်းအပြီး နှစ်ပတ်အကြာမှာ ဆက်လက်ကျင်းပမယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ တတိယပိုင်းမှာတော့ မြို့နယ်ပေါင်း ၇၂ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် တိုင်းနဲ့ပြည်နယ် ရှစ်ခုက မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ။