၂၀၂၀ ရွေးကောက်ပွဲ ဆိုးဝါးခဲ့လို့ ဒီအခြေအနေထိရောက်ခဲ့ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

စစ်ကော်မရှင်ကျင်းပတဲ့ ၂ဝ၂၅ ရွေးကောက်ပွဲ လုံခြုံရေး တင်းတင်းကြပ်ကြပ်နဲ့ စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ ကျင်းပပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ သောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ နားလည်ပေးလို့ မရအောင် ဆိုးဝါးခဲ့လို့ အာဏာသိမ်းတဲ့အခြေအနေထိ ရောက်ခဲ့တာလို့ အာဏာသိမ်း စစ်ခေါင်းဆောင်ပြောလိုက်ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။

နေပြည်တော်မဲဆန္ဒနယ်မှာ စစ်ကော်မရှင် အရာရှိကြီးတွေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှို င်ကိုယ်တိုင် လာရောက်မဲမေးပြီး အခုကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှု ရှိတယ်ဆိုတာ အာမခံကြောင်း၊ ၂ဝ၂၀ ရွေးကောက်ပွဲဟာ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပြီး ခွင့်လွှတ်ပေးလို့မရတဲ့အတွက် အာဏာသိမ်းတဲ့အခြေအနေထိ ရောက်သွားလို့လည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်

“ကျွန်တော်တို့ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အာမခံထားတာ။ တပ်မတော်ကလုပ်တာ နာမည်ပျက်မခံဘူး။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အကြီးအကျယ် နာမည်ပျက်ခဲ့တယ်။ တော်တော်ဆိုးဆိုးဝါးဝါးကို ပျက်ခဲ့တာ။ ရုပ်ပျက်ဆင်းပျက်ကို၊ နိုင်ငံတကာမှာလည်း အရှက်တကွဲဖြစ်ခဲ့တယ်။ တချို့ကျတော့လည်း မသိကျိုးနွံပြုနေတာ။ တကယ်က ကျွန်တော်တကယ်စစ်ခဲ့တော့ သိပါတယ်။ တကယ့်ကို အမှန်အတိုင်း ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာ။ ဘယ်လိုမှကို နားလည်ပေးလို့မရတဲ့အတွက်ကြောင့် ဒီအခြေအနေအထိ ရောက်သွားတာ”

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားရွေးကောက်ခံ ခေါင်းဆောင်တွေကို ဖမ်းဆီးအကျဉ်းချထားပြီး ပါတီကို ပယ်ဖျက်ကျင်းပတဲ့ ဒီရွေးကောက်ပွဲကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အတိုက်ခံအဖွဲ့အစည်းတွေက အတုအယောင်ရွေးကောက်ပွဲအဖြစ် ဝေဖန် ရှုံ့ချထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောကြားချက်တဲ့ပတ်သက်လို့ ၂၀၂၀ ရွေးကောက်ပွဲ NLD ပါတီ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုဦးက အခုလို တုံ့ပြန်ပါတယ်။

ဦးဘိုဘိုဦး - ၂၀၂၀ ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ်

“ခွင့်လွှတ်လို့မရတဲ့ အာဏာသိမ်းတဲ့အထိ ရောက်ခဲ့တယ်ဆိုတာ သူဟာသူလိမ်နေတာ။ သူ့ကိုယ်သူလည်းလိမ်တယ်၊ တိုင်းပြည်ကိုလည်းလိမ်တယ်၊ နိုင်ငံတကာကိုလည်းလိမ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုလုံး၀မရှိခဲ့ပါဘူးဗျာ သူလိမ်တာပါ။ ဒီအတုအယောက်ရွေးကောက်ပွဲကို သူ့ဟာသူ တရားတယ်ပဲပြောပြော မတရားဘူးဘဲပြောပြော အတုအယောင်က အတုအယောင်ပါပဲခင်ဗျာ။ အကြမ်းဖက်စစ်ခေါင်းဆောင် အရင်ဆုံးလုပ်ရမဲ့ကိစ္စက အကြမ်းဖက်မှုတွေအကုန်လုံးကို ရပ်ဖို့ပါပဲ။ အဲဒီကနေတဆင့် နိုင်ငံရေးအဖြေရှာဖို့အတွက် စဉ်းစားရမယ်”

၂၀၂၀ ရွေးကောက်ပွဲမှာ လေ့လာသူတဦးတဦးဖြစ်တဲ့ ကိုထင်ကျော်အေးကတော့ ဒီလိုအပြစ်ပြော အာဏာသိမ်းပြီး ကျင်းပတဲ့ ပွဲဟာ အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေထက်စာရင် ဂုဏ်သိက္ခာအရရော တရားဝင်မှုအရရော ကင်းမဲ့နေတဲ့ ရွေးကောက်ပွဲလို့ သုံးသပ်ပါတယ်။

ကိုထင်ကျော်အေး - ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ

“၂၀၂၀ ရွေးကောက်ပွဲကို ပုံဖျက်ခဲ့တာ၊ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုတွေရှိခဲ့တယ်ဆိုတာ အဓိက စွပ်စွဲတာလည်း စစ်တပ်ပဲဖြစ်ပါတယ်။ အခုရွေးကောက်ပွဲမှာတော့ ဝေဖန်မှုတွေ ပြုလုပ်မဲ့သူတွေကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေလိုမျိုး တင်းကျပ်တဲ့ ဥပဒေတွေနဲ့ အပြစ်ပေးအရေးယူဖမ်းဆီးထောင်ချနေပြီးမှ ပြုလုပ်တဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒီလိုရွေးကောက်ပွဲမျိုးကတော့ လွပ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်စရာ ဘယ်နည်းနဲ့မှမရှိပါဘူး။ ဒီအခြေအနေမှာ ပြုလုပ်တဲ့ပြုလုပ်တဲ့ရွေကောက်ပွဲဟာ ၂၀၂၀ မှာပြုလုပ်တဲ့ ရွေးကောက်ပွဲ၊ ၂၀၂၀ မတိုင်ခင်ပြုလုပ်တဲ့ရွေးကောက်ပွဲတွေနဲ့ယှဉ်ရင်ကို ပိုပြီးတော့မှ လွပ်လပ်ပြီး တရားမျှတမှုလည်းမရှိသလို ဂုဏ်သိက္ခာရော တရားဝင်မှုရော ကင်းမဲ့တဲ့ရွေးကောက်ပွဲလို့တောင် ပြောလို့ရပါတယ်"