စစ်ကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နေပြည်တော် ပြည်ထောင်စုနယ်မြေမှာပါဝင်တဲ မြို့နယ် ၈ မြို့နယ်လုံးက ပြည်သူ့လွှတ်တော်နေရာတွေအတွက် ပြည့်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရသွားတယ်လို့ ပါတီပြောခွင့်ရသူ ဦးလှသိန်းက RFA ကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အတည်ပြု ပြောပါတယ်။
အဲဒီအထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ဟောင်း ၆ ယောက်က စစ်တပ်အရာရှိဟောင်းတွေဖြစ်ပြီး ကျန်တဲ့ ၂ ယောက်ကသာ ပါတီအမာခံ အရပ်သား ဖြစ်ပါတယ်။
ပါတီဥက္ကဌ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲပေးတဲ့ စစ်ရုံးရှိရာ ဇေယျာသီရိမြို့နယ်ကနေ အနိုင်ရပါတယ်။
ဒီအပြင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးဟောင်း ဦးမြတ်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်စန်း၊ စစ်ကော်မရှင်ရဲ့ လက်ရှိပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်း၊ ဘူးလက်လှဆွေ (ခေါ်) ဦးလှဆွေ၊ မင်းကင်း မောင်မြင့် (ခေါ်) ဦးမောင်မြင့် တို့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွေမှာ အနိုင်ရပါတယ်။
အရပ်သားတွေဖြစ်တဲ့ ဦးဝင်းဌေးနဲ့ ဦးခင်မောင်ဌေးတို့လည်း ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်တွေကနေ အနိုင်ရကြတာပါ။
၂၀၂၀ ရွေးကောက်ပွဲတုန်းက နေပြည်တော်က မဲဆန္ဒနယ် ၁၀ ခုအနက် ၉ ခုအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရခဲ့ပါတယ်။ လက်ရှိမှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားသလို NLD ပါတီကိုလည်း စစ်ကော်မရှင်က ဖယ်ထုတ်ပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။
ရွေးကောက်ပွဲနေ့ မဲထည့်ကြတဲ့အခါမှာတော့ မဲစာရင်းစိစစ်အတည်ပြုရတဲ့ ကြန့်ကြာမှုတွေကြောင့် မဲမပေးဘဲ ပြန်သွားသူတွေရှိတယ်လို့ ပြည်သူ့ပါတီ (PP) အတွင်းရေးမှူး ဦးကျော်ကျော်ထွေး (ကိုမာကီး) က RFA ကို ပြောပါတယ်။
“ပထမ မဲစာရင်းမှာပါတယ်။ ဒုတိယမဲစာရင်းမှာလည်းပါတယ်ဆိုတော့ တတိယမဲစာရင်းကို သွားမကြည့်ကြတော့ဘူး။ မဲထည့်တဲ့အခါမှ သွားလည်းသွားရော တတိယမဲစာရင်းထဲမပါတဲ့သူတွေရှိနေတယ်။ ပြီးတော့ မဲစာရင်းက ပထမအကြိမ်၊ ဒုတိယကြိမ်မဲစာရင်းနဲ့ နံပါတ်တွေ မတူဘူးပေါ့နော်။ ဒုတိယ အကြိမ်မဲစာရင်းနံပါတ်ကို မှတ်ထားပြီး မဲရုံသွားလိုက်တော့ အဲဒီနံပါတ်မဟုတ်တော့ဘူး တတိယအကြိမ်မှာလည်း နံပါတ်ပြောင်းသွားပြီဆိုတော့ အဲဒါတွေ ရှာရဖွေရတာနဲ့ တယာက် တယောက်ကို အကြာကြီးဖြစ်နေတော့ နောက်ပိုင်းကလူတွေက စိတ်မရှည်တော့ဘဲနဲ့ ပြန်သွားကြတာတွေရှိတယ်“
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာပါ။ ရွေးကောက်ပွဲအပိုင်း ၂ ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၀ မှာကျင်းပပြုလုပ်ဖို့ရှိနေပါတယ်။
