စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမဲ့မြို့နယ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ဘက်က လေကြောင်းရော ကြည်းကြောင်းနဲ့ပါ ထိုးစစ်ဆင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဘုတင်မြို့ပေါ်က စစ်တပ်အခြေစိုက်ထားတဲ့ နေရာအများစုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်တပ်က လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ကတိုက်ပွဲမှာ စစ်ကော်မရှင်တပ်က ဘုတလင်မြို့အနီးတစ်၀ိုက်ကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ တက်လာတဲ့ Paramotor စက်တပ်လေထီးနဲ့ ၈ကြိမ်၊။ Gyrocopter နဲ့ ၆ ကြိမ်၊ တံတားဦးလေတပ်က တက်လာတဲ့ Y12 လေယာဉ်နဲ့ ၈ ကြိမ် စုစုပေါင်း ၂၂ အကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့မှာတော့ စစ်ကော်မရှင်တပ်က Gyrocopter နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေသလို မုံရွာဘက်ကနေ ဘုတလင်မြို့နယ်ထဲကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လေကြောင်းအခြေအနေကတော့ ဒီနေ့လည်းလာကြဲတယ်။ အခုနမခက စစ်ကြောင်းထွက်လာတာ ဘုတလင်နယ်ထဲကိုရောက်နေပြီ အခုကတော့ ဘုတလင်မြို့နဲ့ အနီးတစ်၀ိုက် ဆယ်ရွာလောက်က ဒေသခံတွေ အကုန်ရှောင်နေရတာပေါ့။ ဒီလိုပုံစံနဲ့က ရွေးကောက်ပွဲကျင်းပဖို့လည်း မလွယ်ဘူး”
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ သူကပြောပါတယ်။ လက်ရှိမှာ စစ်ကြောင်းက အနောက်ဇီးတော၊ ရွှေချောင်းလည်၊ သရက်တိုရိုးနဲ့ ထနောင်းကုန်း ရွာတွေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့နယ်ထဲက အခြေအနေတွေနဲပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။
ရွေးကောက်ပွဲ ဒုတိယပိုင်းအနေနဲ့ စစ်ကိုင်းတိုင်းထဲမှာ ဘုတလင်၊ အရာတော်၊ ရေဦး၊ ချောင်းဦး၊ မြင်းမူ၊ ကျွန်းလှ၊ ကလေး၀၊ မင်းကင်း၊ ဝန်းသို၊ ဖောင်းပြင်၊ မော်လိုက် စတဲ့ ၁၁ မြို့နယ်မှာ ကျင်းပဖို့ စစ်ကော်မရှင်က ပြင်ဆင်ထားပါတယ်။
