စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မြို့နယ် ၁၀၀ ကျင်းပဖို့ ပြင်ဆင် ထားသလို အဲဒီထဲကတချို့မြို့နယ်တွေမှာ ဒီရက်တွေအထိ တိုက်ပွဲတွေရှိနေပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာဆိုရင် မြို့ပေါ်မှာပဲ ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်ထားပြီး အဖမ်းအဆီး တွေရှိနေလို့ ကျေးလက်ကလူတွေမြို့ပေါ်ကို မသွားရဲကြဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွေးကောက်ပွဲနားနီးတော့ ချောင်းဦးဘက်တောင် သိပ်မသွားရဲကြဘူး နယ်ဘက်တွေကျတော့လေ။ ရွေးကောက်ပွဲနားနီးရင် ဆွဲမှာ စိမှာစိုးတာပေါ့လေ။ ကြောက်တော့ မသွားရဲကြတာပေါ့။ ဟိုတလောကတော့ ကျီကုန်းဘက် စစ်ကြောင်းထိုးတုန်းက လက်နက်ကြီးတွေနဲ့ပစ်တာ ပုန်းကျင်းတွေထဲ ပြေးပြေးဝပ်ကြရတာ”
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာလည်း ယောဒေသစစ်ဆင်ရေး (Yawland Opreation) အမည်နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ဂန့်ဂေါခရိုင်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကို စစ်ကိုင်းတိုင်းမှာ ၁၁ မြို့နယ်၊ မကွေးတိုင်းမှာ ၁၁ မြို့နယ်၊ မန္တလေးမှာ ၉ မြို့နယ်၊ ရန်ကုန်တိုင်းမှာ ၁၆ မြို့နယ်၊ ပဲခူးတိုင်းမှာ ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းမှာ ၃ မြို့နယ်နဲ့ ဧရာ၀တီတိုင်းမှာ ၉ မြို့နယ် ရှမ်းပြည်နယ်မှာ ၁၇ မြို့နယ်၊ ကချင်ပြည်နယ်မှာ ၃ မြို့နယ်၊ ကရင်ပြည်နယ်မှာ ၂ မြို့နယ်၊ မွန်ပြည်နယ်မှာ ၅ မြို့နယ်နဲ့ ကယား (ကရင်နီ) ပြည်နယ်မှာ ၂ မြို့နယ် ကျင်းပမယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်မှာပြုလုပ်မဲ့ မြို့နယ်တွေက ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေဖြစ်ပါတယ်။
အဲဒီမြို့နယ်နှစ်ခုလုံးက နေရာအားလုံးနီးပါးကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတာကြောင့် စစ်ကော် မရှင်တပ်ရဲ့မိသားစုဝင်တွေအတွက်ပဲ မဲပုံးထောင်ရဖို့ရှိတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။
“အပိုင်း (၂) မှာ ဒီးမော့ဆိုနဲ့ ဖရူဆို မြို့နယ်ပဲပြောပြော မြို့ပဲပြောပြော လူထုတွေရှိတဲ့ မြို့တွေမဟုတ်ဘူး။ ဖရူဆို ဆိုရင်ပိုတောင်မှ ဆိုးတယ်။ တပ် ၂ တပ်ရယ် နောက်ပြီး ၁၄ တန်းမြင့်လေ့ ကျင့်ရေးကျောင်း အဲဒီလောက်ပဲရှိ တယ်။ အဲဒီတော့ သေချာတာက ဖရူဆိုမြို့နယ်မှာ လူထုက လုံး၀ ဇီးရိုး မရှိဘူးပြောလို့ရတယ်။ ရှိတာက တပ်ပိုင်းဆိုင်ရာ မိသားစုဝင် အနည်းအကျဉ်းပဲ။ ပေါင်းရင်တော့ ထောင်ဂဏန်းပဲရှိတဲ့ မဲစာရင်းပဲရှိမှာပေါ့”
ဒီးမောဆိုနဲ့ ဖရူဆို မြို့ပေါ်အခြေစိုက် စစ်ကော်မရှင်တပ်တွေက ရွေးကောက်ပွဲအကြိုကာလမှာ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ လေကြောင်းကဗုံးကြဲတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ်မှာလည်း ဖာပွန်နဲ့ လှိုင်းဘွဲ့ နှစ်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မှာပါ။ ဖာပွန်မှာဆိုရင် ဗျူဟာကုန်းလောက်ပဲ စစ်တပ်က နယ်မြေစိုးမိုးနိုင်တော့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မန္တလေးမြို့ပေါ်မှာတော့ ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်သူတွေကိုပါ ကင်းပြန်စောင့်ခိုင်းထားတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ ရပ်ကွက်ကင်းတွေ မစောင့်မနေရ၊ မစောင့်တဲ့အိမ်ဆိုရင် ပိုက်ဆံ နှစ်သောင်းပေးရတယ်။ ရပ်ကွက်ရုံးမှာ မဟုတ်ဘူးနော် နှစ်ပြကြား သုံးပြကြား ကင်းတွေချထားတာ အဲဒီမှာ လူအနည်းဆုံး ၁၅ ယောက် အယောက် ၂၀ ရှိတယ်”
ပဲခူးတိုင်းထဲမှာတော့ ရွေးကောက်ပွဲ ဒုတိယပိုင်းကျင်းပမဲ့ ရေတာရှည် ပေါက်ခေါင်းနဲ့ ပန်းတောင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ရှိနေပါတယ်။
ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်းက စစ်တပ်အခြေစိုက်နေရာတစ်တချို့ကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က အထိနာခဲ့ တယ်လို့ နေပြည်တော်-PDF က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၃၀ ရက်မှာပဲ ပန်းတောင်းမြို့နယ်နဲ့ ရခိုင်ရိုးမအစပ်နေရာတွေမှာ အာရက္ခတပ်တော် (AA) ပူးပေါင်း တပ်နဲ့ စစ်ကော်မရှင်တပ်တို့ရဲ့ တိုက်ပွဲတွေရှိခဲ့ပါတယ်။ အလားတူ ပေါက်ခေါင်းမြို့နယ် ချောင်းခေါင်းရွာက စစ်တပ်စခန်းကို PDF တပ်ဖွဲ့တွေက သွားတိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်းမှာတော့ တနင်္သာရီ၊ ရေဖြူနဲ့ ကျွန်းစု မြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး စစ်ကော်မရှင် တပ်က ဒီဇင်ဘာလအတွင်းက ရေဖြူမြို့နယ်အတွင်းက ရွာတစ်ချို့ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမဲ့ မြို့နယ် ၁၀၀ ထဲက ရပ်ကွက်ပေါင်း ၂၈ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၄၆၄ အုပ်စုထဲမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။
RFA
