အကြပ်ကိုင်မဲ၊ ကြိုတင်မဲတွေနဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း (၁)

စစ်မကော်ရှင် ရွေးကောက်ပွဲအပိုင်း (၁) ဟာ မလွတ်လပ်သလို တရားမျှတမှုလည်းမရှိခဲ့ဘူးလို့ ဝင်ရွေးခံခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတချို့က ပြောပါတယ်။

စစ်ကော်မရှင်က ကျင်းပပြုလုပ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲအပိုင်း (၁) မှာ ကြိုတင်မဲနဲ့ပတ်သက်လို့ ပွင့်လင်း မြင်သာမှုမရှိတာ၊ မဲစာရင်း မှားယွင်းတာ၊ လွပ်လပ်စွာမဲဆွယ်ခွင့်ကို ကန့်သတ်ပိတ်ပင်တာတွေအပြင် မဲရလဒ်ကို ပွင့်လင်း မြင်သာမှုရှိစွာ ကြေညာမပေးတာတွေနဲ့ မဲပေးစက်တွေ ပျက်ခဲ့တာတွေကြောင့် လွတ်လပ်ပြီး တရာ းမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ရန်ကုန်နဲ့ ဧရာဝတီတိုင်းက ကိုယ်စားလှယ်လောင်း တွေက RFAကို ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပုသိမ်နဲ့ ဟင်္သာတ အပါအဝင်မြို့နယ်ပေါင်း ရှစ်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။

ဟင်္သာတမြို့နယ်မှာ ရွေးကောက်ပွဲအကြိုကာလအတွင်း ပွင့်လင်းမြင်သာမှုမရှိဘဲ ကြိုတင်မဲကောက်ယူတာရှိပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ခွင့်ပြုချက်ရမှ မဲဆွယ်ခွင့်ရတာ မဲဆန္ဒရှင်တွေကို သူတို့လိုလားပါတီကိုမဲပေးဖို့ ဖိအားပေးတာတွေ ရှိတယ်လို့ ပြည်သူ့ပါတီကနေဝင်ရောက်ယှဥ်ပြိုင်တဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်သောင်းက ပြောပါတယ်။

" ရွေးကောက်ပွဲပုံစံက မျှတတဲ့ ရွေးကောက်ပွဲပုံစံ မဖြစ်ဘူး။ ကြိုတင်မဲကောက်ယူတဲ့အပိုင်းမှာ ဘယ်ပါတီကိုမှ ကြိုတင်အသိပေးအကြောင်းကြားခြင်း မရှိဘဲနဲ့ ကော်မရှင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကပဲ ကောက်ယူတာ ရှိတယ်။ တချို့ဒေသတွေမှာ အုပ်ချုပ်ရေးမှူးကနေပြီးတော့ မဲဆန္ဒရှင်ပြည်သူတွေကို တခြားပါတီပေးဖို့ လမ်းညွှန်ခဲ့တာတွေလည်း ရှိခဲ့တယ်ပေါ့နော်။ တချို့ ကြိုတင်မဲလက်မှတ်တွေမှာဆိုရင် မဲရုံမှူးလက်မှတ် မပါတာတွေ ရှိတယ်။ ဘယ်ကလာမှန်းမသိတဲ့ ကြိုတင်မဲတွေကလည်း ရှိတယ်"

ဟင်္သာတမြို့နယ်မှာ မဲစာရင်းပါဝင်သူ တစ်သိန်းနှစ်သောင်းကျော်ရှိပြီး မဲပေးသူ ခြောက်သောင်းကျော်ရှိပေမယ့် ဒီမိုကရေစီလိုလားသူတွေ မဲစာရင်းမှာ ပါဝင်မှုမရှိတာကိုတွေ့ရတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်တိုင်း ၁၂ မြို့နယ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲစာရင်း အမှားတွေရှိနေသလို မဲစာရင်းမှာ နာမည်မပါ တာကြောင့် မဲပေးခွင့်ဆုံးရှုံးမှုများတာ၊ ကြံခိုင်ရေးပါတီက မဲဆွယ်ခွင့်မရှိတဲ့ ဘာသာရေး အဆောက်အဦတွေမှာ မဲဆွယ်စည်းရုံးတာ၊ ကြိုတင်မဲတွေ ပွင့်လင်းမြင်သာမှုမရှိတာအပြင် ကိုယ်စားလှယ်လောင်းတွေကို မဲရုံတွေမှာ ဖုန်းနဲ့မှတ်တမ်းယူခွင့် ပိတ်ပင်ထားတာကြောင့် မဲရလာဒ်အပေါ် မကျေနပ်ပေမယ့် တိုင်ကြားဖို့ခက်ခဲသွားတာတွေ ရှိတယ်လို့ RFAနဲ့ တွေဆုံခဲ့တဲ့ ကိုယ်စားလှယ်လောင်း ခုနှစ်ဦးက ပြောဆိုထားတာ ရှိပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေက အရင်ရွေးကောက်ပွဲတွေလို တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းကောက်ယူမှုမရှိတာကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ ၂၅ ရပ်ကွက်မှာ နှစ်ပေါင်း ၂၀ ဝန်းကျင်နေထိုင်သူ ၁၆၀ ဝန်းကျင်ဟာ မဲပေးခွင့်မရခဲ့ဘူးလို့ အဲဒီမြို့နယ်က ကိုယ်စားလှယ်လောင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

" ဧည့်စာရင်းနဲ့နေတဲ့အိမ်ခြေဆိုရင် ၅၄ ခန်းရှိတယ်။ ၅၄ ခန်းရှိတော့ ဧည့်စာရင်းက ရက်ပေါင်း ၁၈၀ မှာ

ဧည့်စာရင်းပေးလို့ရတယ်ဆိုတော့ သူတို့နေခဲ့တာက ၁၈ နှစ်၊ ဆယ်စုနှစ် နှစ်စုလောက်ရှိတယ်။ အဲဒါမှာ မဲပေးခွင့်တွေ အကုန်လုံး ဆုံးရှုံးသွားခဲ့တယ်။ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံပြီး မဲပေးဖို့ကို ကောက်ခံရမယ့် ဥစ္စာကို မကောက်ခံဘူး။ ကောက်ခံ မတွေ့ရဘူး။ မိုက်နဲ့ကြော်ညာပြန်တော့လည်း လှည့်ပြီးကြော်ညာတော့ အမြန်ကြော်ညာသွားတဲ့အတွက် အဲဒီမှာနေတဲ့သူတွေက မသိလိုက်ဘူး။ လူပေါင်းက ၁၅၀ ကျော်ကျော်လောက် ရှိတယ်။ ၁၆၀ လောက် နစ်နာခဲ့တယ်။ဆုံးရှုံးခဲ့တာပေါ့"

ရန်ကုန်တိုင်းက မြို့နယ်တွေမှာ မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေ နည်းနေသလို ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စရင်းရဲ့ သုံးဆယ်ရာခိုင်းနှုန်းအောက်သာ မဲပေးသူရှိတယ်လို့ ကိုယ်စားလှယ်လောင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကြိုတင်မဲတွေမှာ ပွင့်လင်းမြင်သာမှုအားနည်းတာနဲ့ မဲစာရင်းမှားယွင်းမှုတွေအကြိမ်ကြိမ်ရှိနေတာကြောင့် ပါတီတွေစုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တိုင်ကြားစာပို့ပြီး တိုင်ကြားဖို့ရှိတယ်လို့လည်း ရန်ကုန်တိုင်းက ကိုယ်စားလှယ်လောင်းတွေနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

" USDPက တစ်ထောင်ရရင် ကျန်တဲ့ပါတီတွေက တစ်မဲတို့၊ နှစ်မဲတို့ရတယ်။ ထောင်ဂဏာန်းလောက်လာတဲ့ ကြိုတင်မဲမှာ တစ်မဲ ၊ နှစ်မဲဆိုတော့

ဒါက Fare မဖြစ်ဘူးဆိုတာ လူတိုင်း သုံးသပ်တယ်။

မဲစာရင်းပါရှိခြင်း ကိစ္စတွေမှာလည်း ပြည်သူ့တွေက မဲပေးချင်တဲ့စိတ် အားနည်းတဲ့အပေါ် အခွင့်ကောင်းယူတဲ့ ကိစ္စတွေရှိတယ်။ ဒီမဲစာရင်းမှာ ပထမ စာရင်းမှာပါတယ်။ ဒုတိယစာရင်းမှာပါတယ်။ တတိယစာရင်းမှာကြတော့ မိဘတွေမပါဘူး။ သားသမီးပဲပါတယ်။ မိဘတွေပါပြီး သားသမီးမပါဘူး။ အဲဒီလိုပြောင်းပြန်တွေဖြစ်နေတာ။ ဖြစ်ပြီးတော့ မဲတွေ နစ်နာသွားတာတွေ ရှိတယ်"

ဟင်္သာတမြို့နယ်မှာ မဲပေးစက်တွေလည်း တစ်ချိန်ထဲအလုံးနှစ်ဆယ်လောက် တစ်နာရီခန့်ပျက်သွားခဲ့တယ်လို့ ဦးစိန်သောင်းက ထပ်ပြီး ပြောပါတယ်။

" ကျွန်တော်တို့ ဟင်္သာတမြို့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းအနေနဲ့ ရွေးကောက်ပွဲရလာဒ်ကို လက်မခံဘူး။ လက်မှတ်ထိုးမပေးဘူး။ နောက်တစ်ချက်ကကြတော့ ပြည်သူတွေ ယုံယုံကြည်ကြည်နဲ့ မဲပေးကြတယ်ပေါ့။ မဲပေးတဲ့အပေါ်မှာ ရလာဒ်ကောင်း ထွက်မလာဘူး။ ထွက်မလာတဲ့အပေါ်မှာ ပြည်သူတွေအများစုကလည်း ဒီစက်တွေအပေါ်မှာ သံသယ ရှိမိတယ်။ ကျွန်တော်တို့ ဟင်္သာတဆို တိုင်းဒေသကြီးမဲပုံး အလုံး နှစ်ဆယ်လောက်က မဲထည့်တဲ့နေ့ပေါ့။ ၂၈ ရက်နေ့ ၁၂ နာရီဝန်းကျင်လောက်မှာ တိုင်းဒေသကြီးမဲပုံးတွေပဲကို စက်အယ်တာဖြစ်သွားတာ ရှိတယ်"

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်ကရော၊ ရွေးကောက်ပွဲကော်မရှင်ကရော တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

စစ်မကော်မရှင်ဟာ ၂၀၂၅ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲပြီး အပိုင်း (၁) ကိုတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကစပြီး နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်း ၁၅ ခုက မြို့နယ်ပေါင်း ၁၀၂ မြို့နယ် မှာ ကျင်းပခဲ့တာပါ။ ။