မန္တလေးတိုင်းမှာ စစ်ကော်မရှင်ဆန့်ကျင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးခဲ့တဲ့ မတ္တရာ၊ သပိတ်ကျင်း နဲ့စဉ့်ကူး မြို့နယ်တွေကို စစ်ကော်မရှင်က ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ လက်ရှိအချိန်အထိ စစ်ကြောင်းထိုး နယ်မြေပြန်လည်စိုးမိုးပြီး ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီဒေသတွေကို စစ်ကြောင်းထိုးနေတာ တစ်လခန့် ရှိနေပြီးတစ်ရွာကို သုံးရက်ခန့် ဝင်ရောက်ကာ စစ်ကြောင်းတစ်လျောက် လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် လမ်းဘေးတစ်လျှောက်နဲ့ စစ်ကြောင်းအနီး ပတ်ဝန်းကျင်ရွာတွေက ဒေသခံ ထောင်နဲချီ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ထွက်ပြေးနေရတဲ့ သပိတ်ကျင်းဒေသခံ စစ်ဘေးဒုက္ခသည် တစ်ဦးက သူ့အတွေ့အကြုံတွေကို RFA ကို ပြောပါတယ်။
“လက်ရှိအခြေအနေအရတော့ ကျွန်တော်တို့ဘက်မှာ ဖြစ်ပျက်နေတာက ဒီစကစတွေက မတ္တရာတောင် ဘက်ခြမ်းကနေ မြောက်ကို ဆက်တိုက်အကြိတ်အနှယ်ထိုးပြီးတော့ အဖမ်းအဆီးတွေလည်း ရှိတယ်။ ပစ္စည်းတွေ ယူတာလည်းရှိတယ်။ ပြန်ဝင်ခိုင်းပြီးတော့ ဝင်တဲ့လူတွေကို ပိုက်ဆံတွေယူ ပြီးရင် ပြန်ပြီးတော့ထုတ် မဲတွေဘာတွေ ဆွဲဆောင်တဲ့လူက ဆွဲဆောင် အခုက သူတို့ အဲလို လုပ်နေတာ။”
တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားပြီး မန္တလေး - မိုးကုတ် လမ်းပေါ်မှာ အရေးပါ အချက်အချာ ကျတဲ့ စဉ့်ကူးမြို့နယ်က လက်ပံလှရွာကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာလ ၁၈ ရက်နေ့ ပြန်လည်း သိမ်းပိုက် လိုက်ပါတယ်။
အဲဒီ နှစ်ဖက်တိုက်ပွဲမှာ စစ်တပ်က လေကြောင်ကနေ တိုက်ခိုက်ခဲ့တာကြောင့်သေဆုံးထိခိုက် ဒဏ်ရာရတာတွေရှိတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ ဘေးလွတ်ရာ ရှောင်တိမ်းနေရသူတွေ ရှိသလို အချို့ကလည်း ကိုယ့်မြို့ ကိုယ့်ရပ်ရွာကို ပြန်ဝင်ရောက် နေထိုင်သူတွေလည်း ရှိနေတယ်လို့ စဉ့်ကူး/ သပိတ်ကျင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
“သူတို့ပြန်တဲ့ လူတွေလည်း ရှိတယ်။ စစ်ရှောင်တဲတွေမှာလည်း ထောင်ချီလောက် ရှိမှာပေါ့ဗျာ။ စဉ့်ကူးမြို့နယ် လက်ပံလှကနေ ကျည်တောက်ပေါက်၊ ချောင်းကြီးဘက်ကို ပြေးရတာကိုဗျ။ ပြေးတဲ့နောက် ဖိုက်တာ အကြီးနဲ့ လိုက်ပစ်တာ။ ရွှေကျင်၊ ကံပွက် အဲဘက်တွေမှာ နှစ်ရာလောက် သေတယ်ဗျ။ ဒဏ်ရာရတဲ့တော့ မပါသေးဘူးဗျ။”
စစ်တပ်ဟာ မင်းကွန်း ၊ မတ္တရာ နဲ့ စဉ့်ကူး အနောက်ဘက်ကမ်း ရွှေဘိုက လာတဲ့ စစ်ကြောင်း သုံးကြောင်း အင်အား ထောင်ချီခန့်က အဲဒီဒေသတွေကို စစ်ကြောင်းထိုး တိုက်ခိုက်ပြီးနောက် တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ခဲ့တဲ့မတ္တရာ၊ စဉ့်ကူး သပိတ်ကျင်းနယ်တွေကို စစ်ကော်မရှင်က ပြန်ထိန်းချုပ်သွားတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီ စစ်ကြောင်းတွေကြောင့် ဒေသခံ အများစုဟာ ဘေးလွတ်ရာကို လက်ရှိအချိန်အထိ ထွက်ပြေးနေရပြီး
တစ်ဖက်မှာလည်း ရွေးကောက်ပွဲကို ရနိုင်သမျှ ပြုလုပ်ဖို့ ပြင်ဆင်လာတာ တွေ့ရတယ်လို့ ဧရာဝတီနဂါးတပ်ဖွဲ့က တာဝန်ခံက RFA ကို ပြောပါတယ်။
“အခု စစ်ရှောင်တွေက တော်တော် ဒုက္ခ ရောက်တာပေါ့။ ဒီ အနောက်ဘက်ကမ်းက ထိုးလိုမိုလို့ မြစ်ကမ်းဘေး မြစ်ကမ်းဘက်တွေကို စက်လှေတွေနဲ့ ကူးပြေးတော့ အခု အရှေ့ဘက်ကနေ တစ်ခါ ပြန်ထိုးတော့ ရေလည် ခေါင်တွေ ပြန်နေရ ဒီဘက်ပြေးရမလို ဟိုဘက်ပြေးရမလို ဖြစ်နေတယ်။ ရွေးကောက်ပွဲလုပ်ဖို့ သူတို့လာ ကတည်းက မဲပုံးတွေရောပါ ယူလာတာလို့ ပြောတယ်။ အဲ မဲပုံးတွေရော ယူလာပြီးတော့ မဲပေးခိုင်းတာပေါ့ အကုန်လုံး။ စစ်ကြောင်းထိုးလာပြီးတော့ ရှေ့ကထိုး နောက်ကနေမှ မဲပုံးတွေ သယ်လာပြီးတော့ တစ်ခါထဲ မဲပေးခိုင်းတာလို့ ပြောတယ်။ အဲဘက်က သုံးပုံပုံ နှစ်ပုံလောက် ကတော့ ပြေးရတယ်။ တစ်ပုံစီလောက် ကျန်တာပဲ။ တစ်ချို့ကလည်း သူတို့က မဲပေးဖို့ရာဆိုတော့ ပြန်ဝင်လို့ ရတယ် အထွက်တော့ မရဘူး။ အဲ ပြန်တော့ ဝင်လို့ရတယ် အထွက်တော့ မခံဘူးပေါ့။”
လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့ရွေးကောက်ပွဲ ဒုတိယပိုင်းကို မတ္တရာမြို့နယ် နဲ့ ဇန်နဝါရီလ ၂၅ ရက် ရွေးကောက်ပွဲ တတိယပိုင်းကိုသပိတ်ကျင်းမြို့နယ်မှာ ကျင်းပမယ်လို့ စစ်ကောင်မရှင်ရဲ့ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ထားတာပါ။
သပိတ်ကျင်းမြို့ပေါ် ရပ်ကွက် နှစ်ခုနဲ့ တကောင်းမြို့ပေါ် ရပ်ကွက် သုံးခု အပါအဝင် ကျေးရွာအုပ်စု ၁၈ အုပ်စုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပဲ ကျေးရွာအုပ်စု လေးအုပ်စုမှာသာ ကျင်းပမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆိုထားပါတယ်။
မတ္တရာမြို့နယ်မှာတော့ မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက် နဲ့ ကျေးရွာအုပ်စု နှစ်ဆယ် မှာ ရွေးကောက်ပွဲကျင်းပမှာ ဖြစ်ပြီး ကျန်ရှိတဲ့ ကျေးရွာအုပ်စု ၆၃ အုပ်စုမှာတော့ မကျင်ပနိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင် စာရင်းတွေမှာ တွေ့ရပါတယ်။ မန္တလေးတိုင်းအတွင်းက နွားထိုးကြီး၊ စဉ့်ကူး နဲ့ မိုးကုတ်မြို့နယ်တွေမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါဘူး။
စစ်ကော်မရှင်က လက်လွှတ်ဆုံးရှုံးခဲ့တဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေကို ပြန်လည် ရရှိဖို့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု၊ အဆင့်မြင့် ဒရုန်း၊ စစ်မှုထမ်း တပ်သား အင်အားတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အဲဒီဒေသအားလုံးတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးလို့ စစ်ကော်မရှင်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်လူမှုကွန်ရက် စာမျက်နှာတွေမှာ တွေ့ရပါတယ်။ ။
