ရန်ကုန်မှာ ညမထွက်ရအမိန့်ရုပ်သိမ်းလိုက်ပေမယ့် ပြည်သူတွေကြောက်လန့်နေဆဲ

ရန်ကုန်မှာ ညမထွက်ရအမိန့်ရုပ်သိမ်းလိုက်ပေမယ့် ည ၈နာရီကျော်တာနဲ့ လမ်းပေါ်မှာလူတွေက ပျောက်နေဆဲပဲလို့ ပြောကြပါတယ်။

ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်တဲ့ မြို့နယ်အားလုံး ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ပြီလို့ စစ်ကော်မရှင်က ဒီဇင်ဘာ ၂၆ နေ့က ထုတ်ပြန်ကြေညာခဲ့ပေမယ့် စိုးရိမ်နေကြသေးတယ်လို့ ရန်ကုန်သား တွေကပြောကြပါတယ်။

“သွားတယ်၊လာတယ်၊ဖမ်းဆီးစစ်ဆေးတာတွေရှိတယ်၊ ပြီးရင်ရပ်ကွက်ရုံးတွေရောက်မယ်၊ စစ်မှုထမ်းအတွက် မိဘတွေ လိုက်ရွေးနိုင်တဲ့သူကရွေးပေါ့၊ မရွေးနိုင်တဲ့သူကတော့ စစ်မှုထမ်းထဲပါသွားမှာပေါ့ဗျာ၊ အဲဒါတွေလည်း ကြောက်တယ်ဗျ၊

ရွေးကောက်ပွဲကာလမှာ နိုင်ငံတကာလေ့လာသူတချို့ရှိနေမှာဖြစ်တဲ့အတွက် ရုတ်သိမ်းပြတာမျိုးဖြစ်မယ်လို့ လေ့လာစောင့်ကြည့်သူတစ်ယောက်ကသုံးသပ်ပါတယ်။

ညဖက်တွေမှာဖမ်းပြီး စစ်မှုထမ်းဖို့ပို့မှာကို ရန်ကုန်လူငယ်တွေ စိုးရိမ်နေကြတာလို့ ရန်ကုန်သား ကိုကြည်အောင်ကပြောပါတယ်။

“ လူငယ်တွေ အဓိကကြောက်နေတာတော့ စစ်မှုထမ်းပေါ့။ ၁၄၄ (ညမထွက်ရ အမိန့်) ကို ရုပ်သိမ်း လိုက်တယ်ဆိုပေမယ့်လည်း မယုံတာဗျ အဓိကကတော့။ လူငယ်တွေ လမ်းပေါ်မှာ လမ်းမလျှောက်ရဲတော့ဘူး၊ လမ်းလျှောက်ပြီးတောင် မသွားရဲတော့ဘူး။ စက်ဘီးတောင်မစီးရဲတော့ဘူးဗျာ နောက်ဆုံးအဆင့်၊ ပြောရရင် တားပြီးတော့ မေးတာမြန်းတာ ရပ်ကွက်ရုံး ခေါ်သွားတာနဲ့၊ပျောက်တဲ့သူက ပျောက်ပေါ့နော်၊ မထွက်ရဲတာဗျ”

ဒါပေမဲ့ အာဏာရှိသူတွေနဲ့နီးစပ်တဲ့သူတွေဖွင့်ထားတဲ့ ညလုံးပေါက် ပျော်ပွဲရုံတွေမှာတော့ ညမထွက်ရ အမိန့်ရှိ တုန်းကရော အခုရုပ်သိမ်းပြီးတော့ရော စည်ကားနေတာလို့ ရန်ကုန်က တခြားအငှားယာဉ်မောင်းတွေက ပြောပါတယ်။

ဒါကြောင့် အလုပ်အကိုင်တွေဘယ်လိုရှိလဲ။

“အခု ရန်ကုန်မှာရှိတဲ့လူငယ်တွေအားလုံးက စစ်မှုထမ်းကိုကြောက်ပြီးတော့ကို မထွက်တော့တာ၊ အဓိကပြောချင်တာပေါ့ဗျာ၊ ကျွန်တော်တို့က လမ်းပေါ်မှာ လူတွေရှိမှ ကားတွေက မောင်းလို့ရမှာလေ၊ လမ်းပေါ်မှာ လူတွေမရှိတဲ့အခါကြတော့ မောင်းလို့မရဘူးဗျ။ အဓိကကတော့ လူတွေက ကြောက်တာပေါ့ဗျာ”

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကော်မရှင်ရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တဲ့အတွက် အရေးပေါ်လူနာတင်ယာဉ်တွေသွားတဲ့အခါ အခက်အခဲ တွေဖြစ်ခဲ့ရသလို လူမှုရေး၊စီးပွားရေးတွေပါ ထိခိုက်ခဲ့ရတယ်လို့ ရန်ကုန်သားတွေရော လေ့လာစောင့်ကြည့်သူ တွေကပါ ပြောပါတယ်။

“ပြောရမယ်ဆိုရင်တော့ ဒီအမိန့်ရှိနေတဲ့အတွက်ကြောင့် တချို့အလုပ်တွေမှာ နှောင့်နှေးခဲ့ရတာတွေ၊ စိတ်မလုံခြုံ မှုရှိခဲ့တာတွေ အများကြီးရှိခဲ့တာပေါ့၊ ဒီအမိန့်ရှိနေခဲ့တဲ့အတွက်ကြောင့် တခြားနယ်တွေကနေ ရန်ကုန်ကို ပြန်ဝင် တယ်ဆိုရင် ဇီးရိုးမိုင်မှာ ကားတွေ တန်းစီပြီတော့ စောင့်နေရတယ်၊ ရန်ကုန်အဝင် နောက်ကျတယ် ၊အိပ်ရေး ပျက်တာတွေကြုံရတယ်၊ ခရီးဖင့်တာတွေကြုံရတယ်၊ နောက် ညရေးညတာကျန်းမာရေး ပြဿနာပေါ့၊ တကယ်လို့ မာရှယ်လောအချိန်မှာ အိမ်သူအိမ်သားထဲက ဖြစ်ဖြစ်၊ ကိုယ့်ဆွေးမျိုးအသိုင်း အဝန်းပေါ့၊ အိမ်နီး နားချင်းတစ်ယောက်ယောက်ပေါ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပြဿနာကြုံခဲ့ရင် ငါတို့ဘယ်လို ဖြေရှင်းမလဲ၊ ဘယ်လိုဖြေရှင်းရမှာလဲ ဒီအချိန်မှာ ထွက်လို့အဆင်ပြေပါ့မလား၊ စသဖြင့်ပေါ့ မာရှယ်လောကြောင့် စိတ်အနှောက်ယှက်ဖြစ်ရတာတွေအများကြီးပါပဲ"

RFA