၂၀၂၅ ရွေးကောက်ပွဲ အပိုင်း (၁) မဲဆွယ်ခဲ့တဲ့အချိန်က တော်လှန်ရေးဆိုတဲ့စကားလုံးနဲ့ မဲဆွယ်ခဲ့တာကြောင့် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ပြည်သူ့ပါတီက ပြည်သူ့လွှတ်တော်အမတ်လောင်းအနေနဲ့ ဝင်ပြိုင်ခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးကနေ ဇန်နဝါရီလ (၈) ရက်နေ့က ထောင်ဒဏ်တစ်နှစ် အမိန့်ချ လိုက်တာလို့ သူ့မိသားစုဝင်တွေနဲ့ ပြည်သူ့ပါတီက တာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံဖို့ ဆိုရှယ်မီဒီယာ တစ်ခုဖြစ်တဲ့ (Tiktok) မှာ မဲဆွယ်ခဲ့တာကို တော်လှန်ရေးစကားလုံးတွေသုံးစွဲခဲ့တဲ့အပြင် သင်္ဃန်းကျွန်းမြို့နယ်ထဲက ယက္ခညီနောင်မှာ ပွဲသွားပေးတာကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက တရားလိုလုပ် တိုင်ကြားခဲ့တဲ့အမှုဖြစ်တယ်လို့ ထောင်ဒဏ်ချခံလိုက်ရတဲ့ ဦးလွင်မြင့်ရဲ့ သမီးဖြစ်သူ မသူဇာလွင်က RFA ကိုပြောပါတယ်။
မသူဇာလွင် - (ဦးလွင်မြင့်သမီး)
“ရွေးကောက်ပွဲဥပဒေကိုချိုးဖောက်တယ်ဆိုပြီးတော့ တရားစွဲထားတာပေါ့နော်၊ အဲဒီအမှုနဲ့ထောင်ချလိုက်တာပါ၊ တော်လှန်ရေးစကားလုံး ၊အရေးတော်ပုံစကားလုံးတွေ သုံးခဲ့တာတွေအဲဒါတွေနဲ့ပတ်သက်ပြီးတော့ ၅၈ (ဂ) ရွေးကောက်ပွဲဥပဒေနဲ့ငြိတယ်ဆိုပြီးတော့ပေါ့နော်၊ နောက်ပြီးရင် သင်္ဃန်းကျွန်းမြို့နယ်ဖြစ်တော့ သင်္ဃန်းကျွန်းမြို့နယ်မှာ ယက္ခညီနောင်မှာ ပွဲသွားပေးတာ အဲဒီကိုယ့်ဘာသာပွဲသွားပေးတဲ့ဟာကိုလည်း တရားရုံးမှာ ဘာသာရေးနဲ့ စည်းရုံးတယ်ဆိုတဲ့ သဘောမျိုးတွေပါ၊ အဲဒီလိုမျိုးပြောပြီးတော့၊ “
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း (၁) ရွေးကောက်ပွဲရက်မတိုင်ခင် ဒီဇင်ဘာလ ၁၇ ရက်နေ့က တရားစွဲဆိုခဲ့တဲ့အမှု ဖြစ်ပြီး - ဒီဇင်ဘာလ ၂၈ နေ့က ရွေးကောက်ပွဲပြိုင်ပြီး အခုမှ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးကနေ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ (ဂ ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံလိုက်ရတာဖြစ်တယ်လို့ပြောပါတယ်။ ပြည်သူ့ပါတီမှ တာဝန်ရှိသူတစ်ဦးကလည်း တရားခံလို့စွပ်စွဲခံရထားတဲ့ ဦးလွင်မြင့်ဘက်က တရားရုံမှာ လျှောက်လဲချက်ပေးခွင့်မရသေးတဲ့အချိန်မှာပဲ တရားသူကြီးက အမှုစစ်ပြီး ၃ ရက်အတွင်းမှာပဲ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) နဲ့ ထောင်ဒဏ်ပေး လိုက်တာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
ပြည်သူ့ပါတီတာဝန်ရှိသူတစ်ဦး - “ကျွန်တော်တို့ရဲ့အတွေ့အကြုံအရ ပြောရရင်တော့ ဒီလောက်မြန်မြန်အမိန့်ချတာတော့ တစ်ခါမှ မတွေ့ဘူးသေးဘူးဗျ၊ မနေ့ကစစ်တယ် ဒီနေ့တခါထဲ အမိန့်ချတယ်ဆိုတာ ဥပဒေရဲ့တရားခွင်အရ စနစ်တကျ သေချာစစ်ရမှာ အချိန်ယူပြီးတော့၊ နောက်ဆုံးမှာ တရားခံလို့စွပ်စွဲထားတဲ့သူကို အခွင့်အရေးပေးရမယ်၊ လျှောက်လဲချက်ပေး ရတယ်ပေါ့နော်၊ လျှောက်လဲချက်ပေးပြီးတဲ့အခါမှ တရားသူကြီးက အဲဒီလျှောက်လဲချက်ကို ရက်ချိန်းတွေပြန်ယူပြီး စဉ်းစားပြီးတော့ဆုံးဖြတ်တာမျိုးပဲ တရားခွင်မှာလုပ်တာ တွေ့ရတယ်လေ၊ အခုတော့ မနေ့ကပဲ စစ်တယ်။ ဒီနေ့မှာပဲ တခါထဲ တရားခွင်မှာပြောဆို အမိန့်ချလိုက်တဲ့အမှုမျိုးကတော့ ဒီတစ်မှုပဲ ကြုံဖူးသေးတယ်ဗျ”
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်ဩဇာခံတွေ ဦးဆောင်တဲ့ အခု ရွေးကောက်ပွဲမှာ ပထမဆုံး ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ စစ်တပ်ကျောထောက်နောက်ခံဖြစ်ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပေါ်တိုင်ထားသမျှအမှုတွေကို အရေးယူဖို့ ပျက်ကွက်နေပေမယ့် စစ်တပ်အမာခံအုပ်စုတွေက တိုင်ကြားသမျှကိုတော့ အမြန်အရေးယူတာတွေ့နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ၊ ရန်ကုန် -
“အခုဟာတစ်ဘက်က စွဲလိုက်တယ်၊ စွဲပြီး ရက်ပိုင်းလေးအတွင်းမှာပဲ အမိန့်ချတယ်၊ ကျွန်တော်တို့ သိထားရသလောက် အမိန့်ချတဲ့အချိန်မှာလည်း တရားခံလို့ပြောရမယ့် ကိုယ်စားလှယ်ဘက်က ရှေ့နေတွေက လျှောက်လဲချက်ပေးဖို့ကြိုးစားပေမယ့် ဒါလည်း မပေးဘူး၊ ပေးခွင့်မရခဲ့ဘူးပေါ့လေ၊ အဲဒီအခွင့်မပေးဘဲနဲ့ ထောင်ချလိုက်တယ်။ ဒါက တကယ်ကို ရုပ်ပေါက်လွန်းအား ကြီးပါတယ်။ တရားရေးစနစ်မှာလည်း အားကောင်းမနေသလို ရွေးကောက်ပွဲကော်မရှင်ဘက်ကနေ စစ်တပ်လော်ဘီအသံကိုပဲနားထောင်ပြီး အလုပ် လုပ်လုပ်နေရတယ်ဆိုတာကတော့ ဒီရွေးကောက်ပွဲကို တော်တော်လေး ပုံပျက်သွား စေတယ်ပေါ့လေ၊ ရွေးကောက်ပွဲ မစစ်မှန်ဘူး၊တရားမဝင်ဘူးဆိုတာကို ပိုပြီး သက်သေပြနေသလိုမျိုး ဖြစ်သွားတယ်လို့တောင်မြင်မိပါတယ်။”
စစ်ကောင်စီက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုရွေးကောက်ပွဲ ကာလ အတွင်းမှာ အဲဒီဥပဒေနဲ့ အရေးယူခံထားရသူပေါင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ ၃၃၅ ယောက်ရှိပြီး ထောင်ဒဏ်ချမှတ်ခံထားရသူကတော့ ၁၀ ယောက်ကျော်ရှိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
အဲဒီဥပဒေအရ ရွေးကောက်ပွဲကို နှောင့်ယှက်တာ၊ ပျက်အောင် ဖျက်ဆီးတာ၊ လူသေဆုံးအောင် လုပ်ဆောင်တာစတဲ့ ပြစ်မှုတစ်ခုခုကို ကျူးလွန်ခဲ့ရင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ အများဆုံး တစ်သက် ချမှတ်နိုင်သလို သေဒဏ်ထိလည်း ချမှတ်နိုင်တယ်လို့ စစ်ကောင်စီက ပြဋ္ဌာန်းထားပါတယ်။
