ပြိုင်သူမရှိနိုင်သွားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးကိုယ်စားလှယ် ၂၈ ဦးရှိ

အခုရွေးကောက်ပွဲမှာ ပြည်သူတွေတစ်မဲမှ မပေးလိုက်ရဘဲ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားတဲ့သူ ၃၀ ကျော် ရှိပါတယ်။ ဒီကိုယ်စားလှယ်တွေက ပြည်သူတွေကို တကယ်ပဲ ကိုယ်စားပြုနိုင်ပါ့မလား။

စစ်ကော်မရှင်ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ ပြည်သူတွေ မဲမပေးလိုက် ရဘဲ အလိုအလျောက်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားတဲ့သူ ၃၁ ဦးရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ကြေညာချက်အရသိရပါတယ်။

ပြိုင်သူမရှိနိုင်သွားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးကိုယ်စားလှယ် ၂၈ ဦးရှိ (RFA Video)

ပြည်သူ့လွှတ်တော်မှာ ၁၅ နေရာ၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်မှာ၁၅ နေရာနဲ့ အမျိုးသား လွှတ်တော်မှာ ၁ နေရာအနိုင်ရသွားတာပါ။ အဲဒီအထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂၈ ဦး အထိ ပါဝင်နေပါတယ်။ ကျန်တဲ့ ၃ ဦးက ကျားဖြူပါတီ လို့ခေါ်ကြတဲ့ ရှမ်းနှင့် တိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ၊ “၀” အမျိုးသားပါတီနဲ့ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီတို့က ဖြစ်တယ် လို့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ဒေသခံတစ်ယောက်ကပြောပါတယ်။

“ ကိုယ့်ဖဲကိုယ်ချိုးပြီး ကိုယ့်ဖဲထုပ်ကိုယ်ဝေဆိုတဲ့ ပုံစံမျိုးဖြစ်နေတဲ့အခြေအနေဖြစ်တဲ့အတွက် တခြားအမတ်တွေလည်းမပြိုင်တာဖြစ်သလို သူတို့အချင်းချင်းမှာလည်း အခြားပါတီတွေကလည်း မလုံခြုံတဲ့အတွက် မပြိုင်တာလည်းဖြစ်နိုင်တယ်ဗျ”

ပြည်သူ့လွှတ်တော် ၁၅ နေရာကတော့ ကချင်ပြည်နယ်က နောင်မွန်း၊ မံစီ၊ ရွေကူ၊ ရှမ်းပြည်နယ်က မက်မန်း၊ ဖယ်ခုံ၊ မိုးနဲ၊ တနင်္သာရီတိုင်းက ရေဖြူနဲ့ လောင်းလုံး၊ စစ်ကိုင်းတိုင်းက မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီး၊ ရေဦး နဲ့ မကွေးတိုင်းက ဂန့်ဂေါ မြို့နယ်တို့ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက ရေဦးမြို့နယ်မှာဆိုရင်လည်း အရင်ရွေးကောက်ပွဲတွေတုန်းက အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပေမယ့် အခုတကြိမ် ဝင်ပြိုင်တဲ့သူမရှိတာဟာ ဦးဆောင် ကျင်းပပေးသူတွေရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်တယ်လို့ စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ် တော်ဥက္ကဌ ဦးမြင့်ထွေးက RFA ကို ပြောပါတယ်။

“အကြိတ်အနယ်ဖြစ်မလာတာ ဘာကြောင့်လဲလို့မေးရင် ဦးဆောင်ကျင်းပပေးတဲ့ အဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်သက်ဆိုင်တာဗျာ။ ပြိုင်ဘက်မရှိ တက်သွား တဲ့ကိစ္စကကျတော့ အရှက်မရှိလို့တက်သွားတယ်လို့ပဲ မှတ်ချက်ပေးရမှာပေါ့။ လွှတ်တော်ထဲသွားရင်ရော ဒီလူတွေကရော ငါတို့က ပြည်သူ့ Mandate လို့ ကိုယ့်ကိုယ် ကို ယုံကြည်ရဲ့လား လို့ပြန်မေးစရာရှိတယ်”

ဦးမြင့်ထွေးဟာ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရေဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ပြောခွင့်ရသူ ဦးလှသိန်းကတော့ သူတို့ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီအနိုင်ရတာလို့ တုံ့ပြန်ပါတယ်။

“အနိုင်ရတယ်ဆိုတဲ့မြို့နယ်တွေက ဘယ်သူမှသွားပြိုင်တဲ့သူမရှိလို့ ပြိုင်တဲ့သူက ပြိုင်ဘက်မရှိလို့ နိုင်သွားတာလည်းဖြစ်ကောင်းဖြစ်မယ်။ ပြိုင်ဘက်နည်းနည်းပဲရှိလို့ နိုင်သွားတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကျင်းပ တဲ့ပွဲမှာ တရားဝင်ယှဉ်ပြိုင်လို့ အနိုင်ရရှိတာဖြစ်တဲ့အတွက်ကြောင့် ဥပဒေကြောင်းနဲ့ ညီညွတ်တဲ့အတွက် ကျနော်တို့ပါတီအနေနဲ့ ဘာမှပြောစရာမရှိပါဘူး”

ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ မြို့နယ်တွေထဲမှာလည်း ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၄၀၀၀ နီးပါးမှာ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ ကော်မရှင်ကထုတ်ပြန်ထားပါတယ်။

အခုတကြိမ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ (ANP) စတဲ့ ရွေးကောက်ပွဲတိုင်းမှာအများဆုံးနိုင်ခဲ့တဲ့ပါတီတွေမပါတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။