နိုင်ငံတစ်ဝန်း စစ်မီးတောက်လောက်နေပြီး လူသန်းနဲ့ချီ စစ်ဘေးဒုက္ခသည်ဖြစ်နေရတဲ့အချိန်မှာ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ ကျင်းပနေပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးမြို့နယ် ၃၃၀ မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာ ၆၅ မြို့နယ်ရှိပြီး ကျေးရွာပေါင်းကတော့ ၄၀၀၀ ကျော်ရှိတယ်လို့ စစ်အာဏာ ပိုင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း ရွေးကောက်ပွဲမကျင်းပနိုင်သေးတဲ့မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေစိုးမိုးထားနိုင်တဲ့ ရွာတွေကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ပြီးဖိအားပေးနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒါကိုကြည့်ရင် အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ နိုင်ငံရေးနည်းရော စစ်ရေးနည်းကိုပါအသုံးပြုပြီး အာဏာ ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ ကြိုစားနေတာလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ တစ်ေယာက်ဖြစ်တဲ့ ကိုထင်ကျော်အေးက ပြောပါတယ်။
“ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေ ပဋိပက္ခတွေ ပိုလျော့ပါးသွားမယ်ဆိုတာလည်း မဟုတ်ပါဘူး။ တကယ်တော့ ရွေးကောက်ပွဲဆိုတာ သူတို့ရဲ့ နိုင်ငံရေး မျက်နှာစာဖြစ်ပြီးတော့ တဖက်မှာလည်း တိုက်ပွဲတွေ အကြမ်းဖက်မှုတွေကလည်း သူတို့ရဲ့ စစ်ရေးမျက်နှာစာဖြစ်နေပါသေးတယ်။ ဒီနှစ်ခုကိုပေါင်းစပ်ပြီးတော့မှ နယ်မြေစိုးမိုးမှုရဖို့ရော နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ရော တည်ဆောက်ဖို့ကြိုးစားကြမှာဖြစ်ပါတယ်။ ဒါက စစ်အုပ်စုရဲ့ အကြံအစည်လည်း ဖြစ်တယ်လို့ ပြောလို့ရပါတယ်”
ချင်းပြည်နယ်မှာဆိုရင် တစ်ပြည်နယ်လုံး ၉ မြို့နယ်ရှိတဲ့ထဲက ဟားခါးနဲ့ တီးတိန်နှစ်မြို့နယ်မှာပဲ ရွေးကောက်ပွဲ ကျင်းပနိုင်မယ်လို့ ကော်မရှင်ကထုတ်ပြန်ထားပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက
“ချင်းပြည်တစ်ခုလုံးကို ရွေးကောက်ပွဲလုပ်ဖို့ကတော့ သူတို့အတွက် လုံး၀ဖြစ်နိုင်မှာမဟုတ်ဘူးပေါ့။ စိုးမိုးနယ်မြေက ၁၀၀မှာ ၈၀ ကတော့ ကျနော်တို့တော်လှန် ရေးတပ်ဖွဲ့တွေ ရှိနေတယ်ပေါ့နော်။ အဲဒါကြောင့် ပြည်နယ်တစ်ခုလုံးလုပ်ဖို့ကတော့ လုံး၀ဖြစ်နိုင်မှာ မဟုတ်ဘူးပေါ့”
ရွေးကောက်ပွဲ အပိုင်း (၂) မှာကျင်းပမဲ့ မြို့နယ်တွေထဲက စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာဆိုရင် မြို့ပေါ်မှာပဲ ရွေးကောက်ပွဲပြုလုပ်မှာဖြစ်ပြီး ကျေးရွာအုပ်စု ၆၀ မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ထုတ်ပြန်ထားတာပါ။
အဲဒီနယ်မှာပြိုင်မယ့်ကိုယ်စားလှယ်က ထင်ထင်ပေါ်ပေါ်မကြေညာရဲသလို ပြည်သူကလည်း ရွေးကောက်ပွဲကိုစိတ်မဝင်စားဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ အခုဟာက ပါတီကိုယ်စားလှယ်လောင်း ဘယ်သူတောင် ထင်ထင်ပေါ်ပေါ်မကြေညာဘူး။ အဲဒီကိုယ်စားလှယ် လောင်းတွေကလည်း ရေဦးရှိတယ် မရှိတယ်တောင် မသိရဘူး။ တချို့ဆို ရေဦးမရှိဘူးလို့တောင် ကြားနေတာ ပေါ့ဗျာ။ ဒီရွေးကောက်ပွဲကတော့ တရားဝင်ရွေးကောက်ပွဲလို့ ဘယ်သူမှလည်း မသတ်မှတ်ပါဘူး။ ပြည်သူတွေ အနေနဲ့လည်း လက်ခံထားမှု မရှိဘူး။ သူတို့ကို မဲဆန္ဒပေးလိုတဲ့ ဆန္ဒလည်းမရှိဘူး”
၂၀၁၀ နောက်ပိုင်း ရွေးကောက်ပွဲတွေမှာ မြို့နယ်လုံးကျွတ်မကျင်းပနိုင်တဲ့ မြို့နယ် ၁၀ ခုနဲ့ ၁၅ ခုလောက်ပဲရှိခဲ့ပြီး အခုလို ၆၅ မြို့နယ်အထိ မြို့နယ်လုံးကျွတ်ရွေးကောက်ပွဲမကျင်းပနိုင်တာဟာ ရွေးကောက်ပွဲသမိုင်းမှာမကြုံဖူးလောက်အောင် စံချိန်တင်တဲ့အရေအတွက်ဖြစ်တယ်လို့ ကိုထင်ကျော်အေးက ပြောပါတယ်။
ရွေးကောက်ပွဲမကျင်းပနိုင်သေးတဲ့မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကော်မရှင်က ပြောထားပါတယ်။
