စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲ မသမာမှုတွေရှိ

စစ်ကော်မရှင်ဦးစီးကျင်းပနေတဲ့ ရွေးကောက်ပွဲတွေမှာ ကြိုတင်မဲ မသမာမှုတွေရှိနေတယ်လို့ ပြောနေကြပါတယ်။

စစ်ကော်မရှင် ဦးစီးကျင်းပနေတဲ့ လက်ရှိ ရွေးကောက်ပွဲမှာ ကြိုတင်မဲ မသမာမှုတွေ ရှိနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေသူတွေနဲ့ မဲရုံတာဝန်ကျသူတွေက RFA ကို ပြောပါတယ်။

သံသယဖြစ်စရာ ကြိုတင်မဲတွေကို တွေ့ရှိခဲ့ရတယ်လို့ ရှမ်းပြည်နယ် မဲရုံတစ်ရုံမှာတာဝန်ကျတဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော့် အတွေ့အကြုံအရ ကြိုတင်မဲကိစ္စမှာ သံသယဖြစ်စေတာမျိုးတွေ တွေ့ရ မြင်ရတာတွေ ရှိခဲ့တယ်ပေါ့နော်။ ဘယ်လိုမြင်ရလဲဆိုရင် မဲစာရင်းထဲမှာ နာမည်မပါဝင်တဲ့အရာမျိုးတွေ ပိုနေတဲ့ အရာမျိုးတွေ အဲဒီလိုမျိုးတွေတော့ အများကြီးတွေ့ခဲ့ရတယ်ပေါ့ဗျာ။ ဥပမာဗျာ ကျွန်တော်တို့ မဲရုံမှာဆိုရင် ကြိုတင်မဲသည် ၁၅၀ လောက်ရှိမယ်ဆိုရင် ၁၈၀ လောက် ဖြစ်နေတာမျိုး ၁၇၀ ကျော်ကျော် ရှိနေတာမျိုး အရေအတွက်အားဖြင့်တော့ နှစ်ဆယ် သုံးဆယ်တစ်ပတ်လည်ပေါ့၊ တချို့မဲရုံတွေမှာဆိုရင်လည်း အဲဒီလိုဖြစ်စဉ်တွေရှိတယ်၊ အဓိကအနေနဲ့ပြောရရင်တော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် ပိုနေတာပေါ့ဗျာ”

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်နေတဲ့ ကျားဖြူပါတီ ခေါ် ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ဟာ မိုင်းပန်မှာ ကြိုတင်မဲတစ်ထောင်ကျော်ကြောင့် ရှုံးနိမ့်ခဲ့သလို မိုင်းယောင်းနဲ့ မတ္တရာမြို့နယ်မှာလည်း စက်ခလုတ်မဲပေးတာမှာ အနိုင်ရရှိခဲ့ပေမယ့် ကြိုတင်မဲကြောင့် ရှုံးခဲ့တယ်လို့ သတင်းဌာနတွေမှာပြောထားပါတယ်။

မဲရုံတွေမှာ အမတ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေမထားနိုင်တာကြောင့်လည်း ထိန်းကျောင်းနိုင်မှုအားနည်းခဲ့တယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေသူ ကိုထင်ကျော်အေး က RFA ကို ပြောပါ တယ်။

“အကယ်၍ ကြိုတင်မဲအရေအတွက်က ရွေးကောက်ပွဲမတိုင်ခင်နှစ်ရက်အလိုမှာ ရေတွက်ပြီးသား ကြိုတင်မဲအရေအတွက်ထက် ပိုများနေတယ်ဆိုရင် သေချာပေါက် ကြိုတင်မဲတွေမှာ မဲပုံးထဲကို မဲတွေကိုထိုးထည့်တဲ့ မဲခိုးနည်းကိုကျင့်သုံးတယ်လို့ စွပ်စွဲလို့ ရပါတယ်။ ဒါမျိုးကို အချက်အလက်နဲ့ သေချာမှတ်တမ်းတင်ပြီးတော့ စွပ်စွဲမယ်ဆိုရင် သေချာပေါက် စစ်အုပ်စုအနေနဲ့ ကြိုတင်မဲကို အသုံးချပြီးတော့မဲခိုးတာကိုစွပ်စွဲလို့ ရနိုင်ပါတယ် “

ကြိုတင်မဲ မသမာတာတွေရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးလှသိန်း က ငြင်းပါတယ်။

“ မဲမသမာမှုက ဘာတွေခေါ်တယ်၊ နောက် မသမာမှု ဖြစ်မြောက်မယ့်အမှုအခင်းတွေက ဘာတွေခေါ် တယ်ဆိုတာ အမျိုးသားရွေးကောက်ပွဲဥပဒေ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေတို့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့မှာ အတိအလင်းပါပြီးသားဖြစ်ပါတယ်၊ နောက် ကြိုတင်မဲနဲ့ ပတ်သက်လို့ ဘယ်လိုလူတွေက ကြိုတင်မဲကိုဘယ်လိုပေးနိုင်တယ်၊ အဲဒီလို ပေးနိုင်တယ်ဆိုလို့ရှိရင် ဘယ်သူတွေက နေပြီးတော့ သွားရောက်ပြီးတော့ ကောက်ခွင့် ရှိတယ်၊ ဘယ်သူရှေ့မှာ ဘယ်လိုအဖွဲ့နဲ့ ဖွဲ့ရမယ်၊ ဘယ်နှစ်ရက် ကြိုတင်ပြီး ဘာလုပ်ရမယ်ဆိုတာ အတိအကျ ညွှန်ကြားပြီးသား ဖြစ်ပါတယ်၊ ဥပဒေအတိုင်း ကော်မရှင်က စနစ်တကျလုပ်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ပါတီအနေနဲ့ ဘာမှပြောစရာအကြောင်း မရှိပါဘူးခင်ဗျ”

ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း ၈၁ မြို့နယ်က ပြည်သူ့လွှတ်တော် မဲရလဒ် တွေကို အခြေခံပြီး လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်တဲ့အစီရင်ခံစာအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၈၁ ဦး ရရှိခဲ့တဲ့ ကြိုတင်မဲ သုံးသိန်းလေးသောင်းကျော်ရှိခဲ့ပြီး အခြားပါတီ တွေက ကိုယ်စားလှယ်လောင်း ၃၆၂ ဦး ရဲ့ ကြိုတင်မဲက ၉၄၀၀၀ ကျော်ပဲ ရရှိခဲ့တယ်လို့ ဖော်ပြထား ပါတယ်။