ကချင်၊စစ်ကိုင်း နယ်အများစု ရွေးကောက်ပွဲ အမည်ခံဟန်ပြအဖြစ်ပဲ ကျင်းပမည်

စစ်မက်ဖြစ်နေတဲ့ စစ်ကိုင်း၊ ကချင် မြို့နယ် အများစု ရွေးကောက်ပွဲ အပိုင်း (၃) မကျင်းပနိုင်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲ အပိုင်း (၃) အတွက် မြို့နယ် ၇ မြို့နယ်မှာ ကျင်းပမယ်လို့ စစ်ကော်မရှင်က ကြေညာထားပေမဲ့ အဲဒီမြို့နယ်တွေထဲမှာပဲ မြို့နယ်လုံးကျွတ်နီးပါး မကျင်းပနိုင်တဲ့ နေရာတွေ ပါဝင်နေသလို ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ နှစ်တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာနေပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း (၃) ကို လာမဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ကျင်းပဖို့ ပြင်ဆင်နေပြီး အဲဒီအထဲမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၇ မြို့နယ် ပါဝင်ပါတယ်။

အဲဒီမြို့နယ်တွေထဲမှာ တိုင်ရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ သိမ်းပိုက်ထိမ်းချုပ်ထားတဲ့ မြို့တွေ ပါဝင်နေသလို စစ်ရေးပြင်းထန်နေတာကြောင့် ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသတွေလည်းပါပါတယ်။

စစ်ကော်မရှင်ကတော့ အဲဒီမြို့နယ်တွေမှာ ရွေကောက်ပွဲကို နေရာစုံမကျင်းပနိုင်ဘဲ အမည်ခံ ဟန်ပြအနေနဲ့ပဲ ကျင်းပနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့ ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ဖားကန့်နဲ့ ရွေကူ ၅ မြို့နယ်လုံးမှာ တိုက်ပွဲတွေရှိနေပြီး အဲဒီအထဲက ၂ မြို့နယ်ကို ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက် ထိမ်းချုပ်ထားတာပါ။

KIA ထိန်းချုပ်ထားတဲ့ မံစီနဲ့ မိုးမောက် နှစ်မြို့နယ်မှာ မဲပုံးထောင်ဖို့ မဖြစ်နိုင်ဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူ-သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ (KIA)

“သူတို့က ဗန်းမော်မှာ မဲပုံးထောင်မယ်ဆိုတာ မြို့တွင်းမှာ မထောင်ဘဲနဲ့ ဥပမာ ရွှေကူလိုမျိုးပေါ့နော် အဲဒီလိုမျိုးမှာ နီးတဲ့နေရာမှာ ထောင်တာလည်း ဖြစ်နိုင်တာပေါ့။ ဒါမျိုးတွေတော့ သူတို့လုပ်နိုင်မှာပါ။ ကျနော်တို့ အုပ်ချုပ်တဲ့ နေရာ (မိုးမောက်၊ မံစီ) မှာတော့ လုံး၀ထောင်နိုင်မယ်လို့ ကျနော်မထင်ပါဘူး”

ရွေးကောက်ပွဲ ကော်မရှင်ကလည်း KIA ထိန်းချုပ်ထားတဲ့ မံစီမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၄ ခု ရှိတဲ့အနက် ၄၃ ခု ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ကြေညာထားသလို မိုးမောက်မြို့နယ်မှာ ဆိုရင်လည်း ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၆၆ ခုထဲက ၆၅ ခုမှာ မကျင်းပနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါဟာ မြို့နယ်လုံးကျွတ်နီးပါး မကျင်းပနိုင်တဲ့ အခြေအနေပါ။

ဒီအပြင် မိုးမောက်မြို့နယ်ထဲက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့မှာလည်း ရွေးကောက်ပွဲ မကျင်းပနိုကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ ဗန်းမော်မြို့မှာတော့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၅၈ ခုရှိတဲ့အထဲက ၄၃ ခုမှာ မကျင်းပနိုင်ဘူးလို့ ဆိုပါတယ်။

ရွေကူမြို့နယ်မှာတော့ မြို့ပေါ်နဲ့ ကျေးရွာတချို့မှာ ရွေးကောက်ပွဲ ကျင်းဖို့ပြင်ဆင်နေပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၉ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပါဘူး။

ကမ္ကာကျော်ကျောက်စိမ်းတွေ ထွက်ရှိရာ ဖားကန့်မြို့နယ်မှာလည်း ဖားကန့်မြို့ပေါ်နဲ့ ကျေးရွာတချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စစ်ကော်မရှင်က ပြင်ဆင်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ တရုတ်ကြေးနီစီမံကိန်းတွေရှိရာ ဆားလင်းကြီးမြို့နယ်နဲ့ တော်လှန်ရေအင်အားစုတွေ နယ်မြေများစုထိန်းချုပ်ထားတဲ့ ကနီမြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေတာပါ။

ဆားလင်းကြီးမြို့နယ်ထဲမှာ ရွေးကောက်ပွဲအဖြစ်မခံဘူးလို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

ဆားလင်းကြီးမြို့နယ် ပ.က.ဖ တာဝန်ရှိသူ -

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျနော်တို့ကတော့ ကျနော်တို့လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။ ရွေးကောက်ပွဲကတော့ ကျနော်တို့မြို့နယ်မှာတော့ လုံး၀အဖြစ်ခံမှာမဟုတ်ဘူး။ သူတို့အနေနဲ့လည်း လိုင်းပေါ်သာ ဆိုက်ဝါးတွေ လွှင့်နေတာ တကယ့်တကယ် မြေပြင်မှာကတော့ သူတို့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ရာ ဆားလင်းကြီးမှာ မလွယ်ပါဘူး။ ဝမ်ပေါင်ထဲမှာ သူတို့ဟာသူတို့ ကြိုတင်မဲနဲ့လုပ်သွားရင်တော့ ကျနော်တို့ မသိလိုက်ရင်တော့ မပြောတတ်ဘူးပေါ့ဗျာ။ လက်တွေ့ တိတိကျကျသိရတယ်ဆိုရင်တော့ ဆားလင်းကြီးမှာတော့ သူတို့ ဘယ်လိုမှ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ဘူးဗျ”

ဆားလင်းကြီးမြို့နယ်ထဲမှာ နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိနေပြီး တရုတ်ကြေးနီးစီမံကိန်းအတွင်း အထိုင်ချထားတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းထိုးစစီးနင်းပစ်ခတ်မှုတွေကြောင့်လည်း အရပ်သားသေဆုံးမှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ ဆားလင်းကြီးမြို့ပေါ်ရော ကျေးရွာအုပ်စု အားလုံးနီးပါးမှာပါ ရွေးကောက်ပွဲမကျင်းပနိုင်ပါဘူး။ ကနီမြို့နယ်မှာတော့ ကျေးရွာတွေမှာ မကျင်းပဘဲ မြို့ပေါ် ၃ ရပ်ကွက်မှာ ကျင်းပနိုင်မယ်လို့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ဒီမြို့နယ်မှာကျင်းပတဲ့ရွေးကောက်ပွဲဟာ ဟန်ပြသက်သက်ရွေးကောက်ပွဲလို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီ နှစ်မြို့နယ်လုံးရဲ့ ပြည်သူ့လွှတ်တော်ရော၊ တိုင်းလွှတ်တော်ရဲ့ နိုင်ယူအကုန်ယူ (FPTP) နေရာအတွက်ပါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတစ်ခုတည်းကပဲ ဝင်ပြိုင်ဖို့စာရင်းပေးထားတာကြောင့် ရွေးကောက်ပွဲကျင်းပစရာမလိုဘဲ လွှတ်တော်ကိုယ်စားလှယ် လေးဦးအထိ အလိုအလျောက် ရွေးချယ်ထားပြီးသား ဖြစ်ပါတယ်။

ကချင်ပြည်နယ် မြို့နယ် ၅ ခုထဲက မံစီနဲ့ ရွေကူ မြို့နယ်မှာဆိုရင်လည်း ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်သူ တစ်ယောက်ပဲရှိလို့ အလိုအလျောက် လွှတ်တော်ကိုယ်စားလှယ်တွေ တင်မြှောက်ထားပြီးသား ဖြစ်သွားပါတယ်။

ဒါဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ မဖြစ်၊ ဖြစ်အောင် ကျင်းပနိုင်ဖို့ အကွက်ကျကျ စီစဉ်တာလို့ လေ့လာသူတွေက ဝေဖန်ပါတယ်။

ဒါနဲ့ပတ်သက်လို့ တုန့်ပြန်ချက်ရဖို့ ရွေးကောက်ပွဲကော်မရှင် (UEC) ပြောခွင့်ရသူ UEC အဖွဲ့ဝင် ဦးခင်မောင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒေသခံပြည်သူတွေအနေနဲ့ကတော့ ရွေးကောက်ပွဲရက်နီးလာတာနဲ့အမျှ စစ်ရေးပြင်းထန်လာနိုင်တာကြောင့် အသက်အိုးအိမ် စည်းစိမ်အတွက် စိုးရိမ်နေရတယ်လို့ ဆားလင်းကြီးမြို့နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ဘေးဒုက္ခသည်အရေး ကူညီသူ-ဆားလင်းကြီးမြို့နယ် -

“ကျနော်တို့ဘက်တွေမှာဆိုရင် တော်တော်များများက နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင်စခန်းတွေလည်းရှိတယ်။ အဲဒီအနေအထားမှာ ပြန်ပြီးတော့ ထပ်ရှောင်ရတယ်ဆိုလို့ရှိရင် သူတို့အတွက် အခက်အခဲတွေကတော့ ပိုပြီးတော့ များသွားမှာပေါ့နော်။ နောက်ပြီးတော့ သူတို့တွေက ဒါကိုမဖြစ်ဖြစ်အောင်လုပ်မယ် ဒီနေရာကို မဲလာပေးသူမရှိဘူးဆိုရင် တပ်စွဲထားမဲ့ ပုံစံမျိုးတွေ လုပ်လာမယ်ဆိုရင် သူတို့ (စစ်ဘေးရှောင်) အတွက် ပိုပြီးတော့ ဖိအားများတာပေါ့နော် နယ်မြေအနေအထားအရရော အကုန်လုံးပေါ့”

ရွေးကောက်ပွဲ အပိုင်း (၃) ကို ကချင်၊ ကရင်၊ ရှမ်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီနဲ့ ဧရာ၀တီတိုင်းက မြို့နယ် ၆၃ မြို့နယ်မှာ ကျင်းပဖို့ စစ်ကော်မရှင်က ပြင်ဆင်ထားပါတယ်။

ဒီ ၆၃ မြို့နယ်ထဲက မြို့ပေါ်ရပ်ကွက် ၆၂ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၀၀၂ ခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိ ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ။