စစ်ကော်မရှင်ရွေးကောက်ပွဲ လွတ်လပ်သလား၊ မျှတသလား

ပြည်သူ့ပါတီအမတ်လောင်းနဲ့ဒေါ်သက်သက်ခိုင်ကို အရေးယူတာ စဥ်းစားစရာချက်နှစ်ခုဖြစ်လာ။

မြန်မာစစ်ကော်မရှင်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ အများစုက Sham election လုပ်ပွဲဆိုပြီး ဘယ်သူကမှ အလေးအနက် စိတ်၀င်စားတာ မတွေ့ရပါဘူး။

စစ်ကော်မရှင်ရွေးကောက်ပွဲ လွတ်လပ်သလား၊ မျှတသလား (RFA Video)

ဒါပေမယ့် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးလေ့လာသူတွေအတွက်ကတော့ သတိထားရတဲ့ ထူးခြားတဲ့ နိုင်ငံရေး အရွေ့တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေဆိုတဲ့နေရာမှာ စစ်တပ်နဲ့ စစ်တပ် အသိုင်းအ၀ိုင်းအတွက် သာမက နိုင်ငံရေး နားမလည်၊ မလိုက်စား၊ ကိုယ့်မိရိုးဖလာအလုပ်လုပ်ပြီး အေးအေးချမ်းချမ်းနေကြသူတွေ၊ နေလိုကြတဲ့သူတွေပါသလို စစ်တပ်ရဲ့ ဦးဆောင်မူ၊ စစ်ခေါင်းဆောင်တွေရဲ့ လူလည်ကျ အနိုင်ကျင့်မှုတွေကို မကျေနပ်လို့ ဆန့်ကျင်သူတွေ၊ လက်နက်ကိုင် တော်လှန်တဲ့သူတွေလည်းပါပါ၀င်တယ်။

ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင် ခေါင်းဆောင် ပြောတဲ့ စကားက တပ်မတော်ကကျင်းပတာ နာမည်အပျက်မခံနိုင်ဘူးဆိုတဲ့ အချက်ပါပါတယ်။

အားကစား ပြိုင်ပွဲတစ်ခုဆိုပါစို့။ အဲဒီပြိုင်ပွဲ လွတ်လပ်သလား၊ မျှတသလားဆိုတာ ဘာနဲ့ အခြေခံပြု စံထား ချိန်ထိုးကြပါသလဲ။ အရှင်းဆုံး ဥပမာပေးပြောရရင် ကိုယ့်ပြိုင်ဘက်၊ ရန်သူ၊ အကျိုးစီးပွားမတူသူတွေအပေါ် ဘယ်လို ဆက်ဆံသလဲဆိုတဲ့ အချက်နဲ့ တရားတယ်၊ မျှတတယ်၊ လွတ်လပ်တယ်ဆိုတာ တိုင်းနိုင်ပါတယ်။

အချင်းချင်း ရန်သူအဖြစ်သတ်မှတ် ကြေညာထားပြီး သူသေကိုယ်သေတိုက်နေတဲ့ အဖွဲ့တွေ၊လူတွေ ဒီနေရာမှာ ဘေးခဏ ထားလိုက်ပါဦး။

ဒီရွေးကောက်ပွဲမှာ ဒိုင်လူကြီး စစ်ကော်မရှင်ရဲ့ အကျိုးစီးပွားတူ မိတ်ဘက်လို့ ပြောလို့ရတဲ့သူတွေက ဘယ်သူတွေလဲ။

ရှင်းပါတယ်၊ လက်ရင်းတပြည့်နောက်လိုက်တွေကို စစ်ဘက်ကနေအရပ်ဘက် ပြောင်းပြီး ရွေးကောက်ပွဲ ၀င်ပြိုင်ခွင့်ပေးထားတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဖြစ်ပါတယ်။

ပြိုင်ဘက်လို့ ယူဆလို့ရသူတွေက ဘယ်သူတွေလဲ။ ၈၈ ကျောင်းသားဟောင်း အုပ်စုကနေ ကွဲထွက်လာတဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ၊ NLD ပါတီကနေ ကွဲထွက်လာတဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အရင်အတိုက်အခံအဖွဲ့ကနေ သင်းကွဲထွက်လာတဲ့ တစ်သီးပုဂလ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသား ပါတီကြီးတွေဟာ မပြေးသော်လည်း ကန်ရာရှိတဲ့ ပြိုင်ဘက်တွေဖြစ်လာပါတယ်။

ရွေးကောက်ပွဲ အပိုင်း (၁) မဲဆွဲရာမှာ တော်လှန်ရေး အရေးတော်ပုံ စကားသုံးခဲ့လို့ ဖမ်းဆီးထောင်ချခံရတဲ့ ပြည်သူ့ပါတီက ဦးလွင်မြင့် အဖြစ်ကို ကြည့်ရင် စဥ်းစားစရာတွေ အများကြီးပေါ်လာပါတယ်။

တခါ အပိုင်း (၁) ပြီးသွားတော့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင် အင်တာဗျူးတစ်မှာ ဖြေတဲ့ စကားထွက်လာပါတယ်။

အဲလိုထွက်လာအပြီး ၁ အပတ်အကြာမှာ အဖမ်းခံရတယ်။ ရွေးကောက်ပွဲကော်မရှင်ခွင့်ပြုချက်မရဘဲ နိုင်ငံခြားသံတမန်တွေနဲ့ တွေ့လို့ဆိုပြီး အကြောင်းပြပါတယ်။

ကနဦး ပြောခဲ့တဲ့အချက် ပြန်ကောက်ရရင် လွတ်လပ်သလား၊ မျှတသလားဆိုတာ ဘာနဲ့ အခြေခံပြု စံထား ချိန်ထိုးကြပါသလဲ။ ကိုယ့်ပြိုင်ဘက်၊ ရန်သူ၊ အကျိုးစီးပွားမတူသူတွေအပေါ် ဘယ်လို ဆက်ဆံသလဲဆိုတဲ့ အချက်နဲ့ တရားတယ်၊ မျှတတယ်၊ လွတ်လပ်တယ်ဆိုတာ တိုင်းနိုင်ပါတယ်။

ဒါဆိုရင် အခု အဖြစ်အပျက် ၂ ခုက ဦးဆောင်ကျင်းပတဲ့အဖွဲ့အစည်း သိက္ခာချရာ မရောက်ပေဘူးလား။

ကျနော် ကျော်မင်းထွန်းပါ။