စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကံရင်းကျေးရွာက မူကြိုကျောင်းကို ဇန်နဝါရီလ ၁၇ ရက် နေ့လယ် ၁ နာရီကျော်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ကလေးတစ်ယောက်နဲ့ အရပ်သား နှစ်ယောက်သေဆုံး ပြီး တစ်ယောက်ဒဏ်ရာရသွားပါတယ်။
ဗုံးကျဲခံရလို့ ထိခိုက်သွားတဲ့ ကျောင်းထဲကအပျက်အစီးတွေကို ဒေသခံအဖွဲ့တဖွဲ့ဖြစ်တဲ့ အနောက် မြောက် လွင်ပြင်တော်လှန်ရေး အင်အားစု( Northwest Plains Revolutionary Forces-NPRF) က ထုတ်ပြန်ထားပါတယ်။
အနောက်မြောက်ပိုင်း စစ်ဌာနချုပ်ကပျံသန်းလာတဲ့ ဂျက်တိုက်လေယာဥ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး ၂ ဦး၊ အမျိုးသားတဦး ထိမှန် သေဆုံးသွားတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်စည်က Mandalay Free Press သတင်းကို ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကံရင်းရွာနဲ့ ၁၉ မိုင်ကျော်ဝေးတဲ့ သစ်ကျင်းကြီးရွာနားက အမြှောက်တပ် (အမတ- ၃၆၉) မှာ စစ်ကော်မရှင်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ခဲ့ပါတယ်။
အရာတော်မြို့နယ်မှာ ဇန်နဝါရီ ၁၁ ရက်နေ့က ရွေးကောက်ပွဲဒုတိယပိုင်းကျင်းပမှာြဖစ်တဲ့အတွက် ရွာဘက်က ပြည်သူ တွေမြို့ပေါ်သွားရင် အတင်းအကျပ်မဲထည့်ခိုင်းမှာစိုးတဲ့အတွက် မသွားကြဖို့ အရာတော်မြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့က သတိပေးထားပါတယ်။
