ရေကြည်နဲ့ လေးမျက်နှာမှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်

သာပေါင်းမြို့နယ်အနောက်ဘက်ကရွာတွေကို အမှတ် ၃၀၈ ခြေမြန်တပ်ရင်းကနေ ဒုံးတွေနဲ့ တစ်ရက်ခြားတစ်ခါ ပစ်ခတ်နေတာလို့ပြောကြပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့မှာကျင်းပမဲ့ ရွေးကောက်ပွဲ အပိုင်း (၃) မှာ ဧရာဝတီတိုင်းက ရေကြည်နဲ့ လေးမျက်နှာ အပါအဝင် မြို့နယ် ၉ မြို့နယ်ပါနေပါတယ်။ စစ်ကော်မရှင်ခန့်ထားတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကိုယ်တိုင် ရေကြည်မြို့နယ်ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီဒေသတွေဟာ ရခိုင်ရိုးမနဲ့ နီးပြီး အာရက္ခ တပ်တော် AA နဲ့ တော်လှန်ရေးအဖွဲ့တွေ ရှိသလို စစ်တပ်နဲ့ မကြာခဏတိုက်ပွဲရှိပါတယ်။

ဒါကြောင့် ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ရွာတွေကို စစ်ကော်မရှင်တပ်က နေ့တိုင်းလိုလိုပစ်ခတ်တာတွေလုပ်နေပြီး လူအသွားအလာတွေကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

" ဝင်လာရင် PDF တွေက အမှည့်ချွေ ချွေတယ်။ မနှစ်ကတုန်းကတောင် တပြိုင်တည်းကို ၇၀ လောက်ကြွသွား တာ။ ဟိုဟာပေါ့။ ငသိုင်းချောင်းနဲ့ လေးမျက်နှာကြားပေါ့။ ကြိုကြားကြိုကြားကတော့ရှိတယ်။ အဲဒီနေရာရယ်၊ သာပေါင်းရယ်။ အဲဒီရွာတွေလည်း ညက်ညက်ကျေနေတာပါပဲကွာ။ မင်းအောင်လှိုင်လာမယ် ဆိုတော့ပိုဆိုး တာပေါ့။ လေယာဥ်နဲ့ကျဲတာရယ် အမြောက်နဲ့ထုတာရယ်၊ နေ့တိုင်းကြားရတယ်လေ"

ရေကြည်မြို့နယ် အခြေစိုက် အမြောက်တပ် အမတ ၃၄၄ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်း ကပါ ဗုံးကျဲတာတွေကြားရတယ်လို့ ရေကြည်ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါကြောင့် ကြံ့ခိုင်ရေးပါတီကအစ မဲဆွယ်တာကို အဖြစ်သဘောလောက်ပဲရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

သာပေါင်းမြို့နယ်အနောက်ဘက်ကရွာတွေကို အမှတ် ၃၀၈ ခြေမြန်တပ်ရင်းကနေ ဒုံးတွေနဲ့ တစ်ရက်ခြားတစ်ခါ ပစ်ခတ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာပေါင်းမြို့နယ်မှာနေတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

" အဲဒီချောင်းရဲ့ ဒီဘက်ကမ်းမှာ စစ်တပ်တွေရှိနေတဲ့အခါကြတော့ ဒီစစ်တပ်တွေက တကယ်လို့အဲဒီမြောက် ဘက်ကို ကူးသွားမယ်ဆိုရင် ဒါရေကြည်မြို့နယ်ထဲ ရောက်သွားပြီ။ ချောင်းကျော်လိုက်ရင် ရောက်ပြီလေ။ အဲဒီတော့ သူတို့ကလည်း အဲဒီရွေးကောက်ပွဲဖြစ်ဖို့အတွက်တော့ အဲဒီလို ကာကင်းတွေတော့ ထုတ်မှာပေါ့ကွာ။ အကြမ်းဖျဥ်းတော့ ကြားနေတာကတော့ ဒီဘက်ကလည်း အေအေဘက်ကလည်း တော်တော်လေး လှုပ်လှုပ် ရှားရှား လုပ်လာပြီကြားတယ်။ အဲဒါတင် တပ်က အတွဲလိုက်ဒုံးတွေနဲ့ချတာ။ ဟို တစ်ရက်ခြားလောက် ပစ်နေ တာကွ။ တစ်နေ့တုန်းကဆိုရင် တော်တော်လေးပစ်တယ်။ ဘယ်လောက်တောင် တိုကြားရလည်းဆိုရင် ရွှီးခနဲ အုန်းခနဲဆိုတဲ့ အသံတွေ ဘာတွေတောင် ကြားတယ်"

သာပေါင်းမြို့နယ်ကိုရခိုင်ရိုးမဘက်ကစစ်ဘေးဒုက္ခသည်တွေလာတဲ့အခါ စောင့်ကြည့်သတင်းယူခိုင်းတာ၊ ဖမ်းဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်နေတယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် လေးမျက်နှာမြို့နယ်မှာလည်း လက်နက်ကြီးသံတွေကြားရတယ်လို့ လုံခြုံရေး အရအမည်မဖော်လိုတဲ့ဒေသခံနောက်တစ်ဦးက ပြောပါတယ်။

" လေးမျက်နှာအတွက်ကို အခု တတိယအပတ်မှာလည်း အဲဒီဘက်တွေ ပါတယ်လေ။ အဲဒီဘက်မှာတော့ နည်းနည်းတော့ အသံဗလံလေးတော့ ကြားမိတယ်။ ပစ်သံ ပြုသံပေါ့။ ပစ်သံပြုသံကြား တယ်ဆိုတာက တစ်ဘက်ထဲအသံပဲ ကြားနေရတယ်။ နှစ်ဘက်အသံကြားတာ မဟုတ်ဘူး"

သာပေါင်းမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကရွေးကောက်ပွဲအပိုင်း ၂ လုပ်ခဲ့ပါတယ်။ အဲဒီမှာ သဲဖြူ၊ မရမ်းချို၊ ဝါးတောကွင်း၊ ဘုရားကြီးစတဲ့ ရိုးမအစပ်ကရွာတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ဘူးလို့ ဒေသခံတွေ ကပြောပါတယ်။ ဒါပေမဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ မဲပေးခိုင်းတာရှိသလို မဲစာရင်းမှားတွေရှိတယ်လို့ သာပေါင်းမြို့ခံတစ်ဦးက ပြောပါတယ်။

" အဲဒီ ရွေးကောက်ပွဲမှာ သူတို့က အခုစစ်ရှောင်တွေပေါ့။ သူတို့ရောက်နေတဲ့ နေရာတွေမှာ မဲပေးရတယ်လို့ ကြားတယ်။ တချို့လည်း မဲစာရင်းပါတယ်။ တချို့လည်းမပါဘူး။ တချို့ ဒေသခံတွေတောင်မှ မဲစာရင်းတွေမပါဘူး။ စာရင်းအဟောင်းတွေနဲ့လုပ်တော့ သေပြီးသားလူတွေပါလာတယ်။ မရှိတဲ့သူတွေပါတယ်။ အဲလိုဆိုတော့ တချို့ကလည်းမဲမပေးချင်ကြဘူး"

ဒီအကြောင်း အသေးစိတ်သိရဖို့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို ဇန်နဝါရီလ ၁၉ ရက်နေ့က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲအပိုင်း (၃) မှာ ဧရာဝတီတိုင်းက ရေကြည်၊ လေးမျက်နှာ၊ ငပုတောအပါအဝင် ၉ မြို့နယ် ပါဝင်ပါတယ်။