ဓာတ်ပုံ - မြန်မာစစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး ကြားနာပွဲတွင် ၂၀၂၆ ဇန်နဝါရီ ၁၂ ရက်နေ့က တွေ့ရစဥ် (ဓာတ်ပုံ - ICJ-CIJ)
ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တင်ပြထားတဲ့ စွပ်စွဲချက်အားလုံးကို မြန်မာစစ်ကော်မရှင် ကိုယ်စားလှယ် အဖွဲ့က ပယ်ချလိုက်ပါတယ်။
၂၀၁၆ နဲ့ ၂၀၁၇ ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို လူမျိုးတုံးအောင် ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက တရားလိုလုပ်၊ တိုင်တန်းထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သဟိတ်မြို့မှာ ဇန်န၀ါရီလ ၁၂ ရက်နေ့က ပြန်စပြီး ကြားနာနေရာမှာ မြန်မာစစ်ကော်မရှင်ရဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ကစတင် ချေပတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးနဲ့ ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ သဘောတူညီချက်ကို အသိအမှတ်ပြုထားသည့် နိုင်ငံဖြစ်ပြီး ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာလူမျိုးတုံးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ မရှိဘူးလို့ ချေပထား ပါတယ်။
ဒီချေပချက်တွေ စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင် မီဒီယာတွေမှာလည်း နေ့စဥ် ဖော်ပြပါတယ်။
မြန်မာစစ်ကော်မရှင်ရဲ့ ဥပဒေအကြံပေးကိုယ်စားလှယ်အဖွဲ့မှာ ဗြိတိန်လူမျိုးရှေ့နေ ခရစ္စတိုဖာ စတိတ်ကာ (Christopher Staker)၊ ဗြိတိန် အောက်စ်ဖို့ဒ် တက္ကသိုလ် စိန့်အမ်းကောလိပ် နိုင်ငံတကာဥပဒေဆိုင်ရာ ပါမောက္ခ စတက်ဖန် တာမွန် (Stefen Talmon)၊ ပြင်သစ်ရှေ့နေ အလီနာ မီရွန် (Alina Miron)၊ အင်္ဂလိပ်တရားရုံးချုပ်ရှေ့နေ ချီအာရာ ကော်ဒုန်း (Chiara Cordone) တို့ ပါဝင်ပါတယ်။ ဦးဆောင်ရှေ့နေ မစ္စတာ စတိတ်ကာဟာ ဂါဇာဒေသ ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးလ် အစိုးရက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ မှာ အစ္စရေးလ် နိုင်ငံဘက်က ခုခံ ချေပနေတဲ့ ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။
အဲဒီလိုထွက်ဆိုနေတဲ့အချိန်မှာပဲ ICJ တရားရုံးရှေ့မှာတော့ မြန်မာစစ်တပ်က ၁၉၆၂ ကစပြီး ၁၉၈၈၊ ၂၀၀၇ နဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီး အခုအထိ ပြည်သူလူထု အပေါ် ဖိနှိပ်သတ်ဖြတ်ခဲ့တာတွေနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်တွေကို ခုံရုံးတင်အရေးယူပေးဖို့ နယ်သာလန်ရောက် မြန်မာတချို့က တောင်းဆိုခဲ့ကြပါတယ်။
ဂမ်ဘီယာက တိုင်ကြားတဲ့ ရိုဟင်ဂျာအမှုကို ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာမယ်လို့ ICJ က ထုတ်ပြန်ထားပါတယ်။ ။
