မြန်မာစစ်ကော်မရှင်ရွေးကောက်ပွဲရလာဒ် အာစီယံ ထောက်ခံအတည်ပြုမည်မဟုတ်

အာစီယံအဖွဲ့ဝင်တစ်နိုင်ငံချင်း လေ့လာသူအဖွဲ့စေလွှတ်တာရှိပေမယ့် အာစီယံအနေနဲ့ လေ့လာသူလည်း မလွှတ်၊ ရလာဒ်ကိုလည်း အတည်ပြုရန်မရှိ။

မြန်မာနိုင်ငံမှာ စစ်ကော်မရှင်ဦးစီးကျင်းပနေတဲ့ အဆင့် ၃ ဆင့်ပါ ရွေးကောက်ပွဲကို အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာစီယံအနေနဲ့ လေ့လာသူများ စေလွှတ်မှာမဟုတ်သလို ရွေးကောက်ပွဲရလာဒ်ကိုလည်း ထောက်ခံပေးမှာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟဆန် (Mohamad Hasan) က ဇန်နဝါရီလ ၂၀ ရက်နေ့က ပြောလိုက်ပါတယ်။

မလေးရှားလွှတ်တော်မှာ တက်ရောက်စဥ် မလေးရှားလွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းရာမှာ အခုလို ဖြေကြားလိုက်တာဖြစ်ပါတယ်။

မနှစ်က ကွာလာလာမ်ပူမှာကျင်းပခဲ့တဲ့ အာစီယံ ထိပ်သီးညီလာခံမှာ မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ စေလွှတ်ဖို့ ဖိတ်ကြားချက်ကို ရရှိကြောင်း၊ ဒါပေမယ့် အာစီယံအဖွဲ့ အနေနဲ့ အဖွဲ့ကိုယ်စားပြုစေလွှတ်တာမရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းအနေနဲ့ သူ့တို့ ရပ်တည်ချက်အရ သီးခြားစေလွှတ်တာတွေရှိကြောင်း၊ ဒါပေမယ့် အာစီယံအဖွဲ့ကြီးအနေနဲ့ လေ့လာသူ စေလွှတ်မှာမဟုတ်သလို ရလာဒ်ကိုလည်း ထောက်ခံအတည်ပြုပေးမှာမဟုတ်‌ကြောင်းလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဓာတ်ပုံ - မလေးရှားနိုင်ငခြားရေးဝန်ကြီး မိုဟာမက် ဟဆန်အား ၂၀၂၅ ဇူလိုင်လ ကွာလာလာမ်ပူမှာ ကျင်းပသည့် အာစီယံထိပ်သီးညီလာခံတွင် တွေ့ရပုံ (REUTERS)