မြန်မာနိုင်ငံမှာ စစ်ကော်မရှင်ဦးစီးကျင်းပနေတဲ့ အဆင့် ၃ ဆင့်ပါ ရွေးကောက်ပွဲကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN)အနေနဲ့ လေ့လာသူတွေစေလွှတ်မှာမဟုတ်သလို ရွေးကောက်ပွဲရလဒ်ကိုလည်း ထောက်ခံမှာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် (Mohamad Hasen) က ဇန်နဝါရီလ ၂၀ ရက်နေ့က ပြောလိုက်ပါတယ်။
မလေးရှားလွှတ်တော်မှာ တက်ရောက်စဥ် မလေးရှားလွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းရာမှာ အခုလို ဖြေကြားလိုက်တာဖြစ်ပါတယ်။
မနှစ်က ကွာလာလာမ်ပူမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲလေ့လာရေးအဖွဲ့စေလွှတ်ဖို့ ဖိတ်ကြားချက်ကိုရရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းအနေနဲ့ သူ့တို့ ရပ်တည်ချက်အရ သီးခြားစေလွှတ်တာတွေရှိကြောင်း၊ ဒါပေမဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ လေ့လာသူစေလွှတ်မှာမဟုတ်သလို ရလဒ်ကိုလည်း ထောက်ခံအတည်ပြုပေးမှာမဟုတ်ကြောင်းလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဓာတ်ပုံ - မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်အား ၂၀၂၅ ဇူလိုင်လ ကွာလာလာမ်ပူမှာ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများညီလာခံတွင် တွေ့ရပုံ (REUTERS)
