မန္တလေးတိုင်း မိုးကုတ်မြို့မှာ မြို့အုပ်ချုပ်ရေးယန္တရားပြန်လည်ဖို့ ဌာနပေါင်းစုံကနေ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြတဲ့ ဝန်ထမ်းတွေကို စစ်ကော်မရှင်တပ်က ဇန်နဝါရီ ၁၉ ရက်နေ့က ပြန်ခေါ်ဆောင်လာတယ်လို့ သိရပါတယ်။
အပစ်ရပ်သဘောတူညီချက်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံကနေ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကော်မရှင်ကလွဲပြောင်းယူအပြီး မြို့အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်ဖို့အတွက် မန္တလေးမြို့မှာရောက်နေကြတဲ့ ဝန်ထမ်းတွေကိုပြန်ခေါ်လာတာလို့ ဒေသခံတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး Mandalay Free Press သတင်းက ရေးပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ TNLA နဲ့ မဟာမိတ်လက်နက်ကိုင်တော်လှန်ရေးတပ်တွေ သိမ်းယူခဲ့တဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၅ အောက်တိုဘာ ၂၉ ရက်နေ့မှာ တရုတ်နိုင်ငံအကူအညီနဲ့ စစ်ကော်မရှင်ကပြန်ရခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မိုးကုတ်–မန္တလေး ကားလမ်းတလျှောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ဒေသခံ လက်နက်ကိုင်ကာကွယ်ရေးမဟာမိတ်တပ်တွေကစိုးမိုးထားတဲ့အတွက် ချက်ချင်း ပြန်လည်ပတ်နိုင်ခြင်းမရှိခဲ့ပါဘူး။
စစ်ကော်မရှင်တပ်တွေဟာ ၂၀၂၅ ဇူလိုင်မှာ သပိတ်ကျင်းမြို့၊ ဒီဇင်ဘာမှာ စဉ့်ကူး၊ အခုနှစ် ဇန်နဝါရီမှာမန္တလေး–သပိတ်ကျင်း–မိုးကုတ် ကားလမ်းကို ပြန်သိမ်းနိုင်ခဲ့တာလို့ သိရပါတယ်။
