စစ်ကိုင်းတိုင်း ဧရာဝတီမြစ်ရိုး စစ်ကော်မရှင်ထိုးစစ် ဝက်လက်ဒေသခံ သောင်းနဲ့ချီထွက်ပြေး

စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်ရာမှာ လူနေအိမ်တွေ လုယက်တာ၊ မီးရှို့တာတွေ ရှိနေတယ်လို့ ဒေသခံတွေကစွပ်စွဲ။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်၊ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်ကော်မရှင်တပ်တွေက တစ်လနီးပါး စစ်ဆင်နေရာမှာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရွာသစ်ရွာ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက် လုယက်ပြီး နှစ်ခါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

ဝက်လက်နယ်မှာ စစ်ကော်မရှင်တပ်တွေဟာ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်လို့ Mandalay Free Press သတင်းက ဇန်နဝါရီ ၂၀ ရက်က ရေးသားပါတယ်။

အလားတူ ဝက်လက်မြို့နယ်အရှေ့ခြမ်း စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းက ကျွန်းရွာတွေကိုလည်း စီးနင်းမီးရှို့နေတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ‌ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ဇန်နဝါရီ ၁၆ ရက် ညပိုင်းက မတ္တရာစစ်ဘေးရှောင်မိသားစုတွေထဲက အသက်ငါးလနဲ့ ခြောက်လ အရွယ်ရှိ မွေးကင်းစကလေးငယ်နှစ်ဦး အအေးမိသေဆုံးခဲ့တယ်လို့သိရပါတယ်။