ဗန်းမော်ပြန်ရဖို့ KIA နဲ့ PDF တပ်ဖွဲ့တွေကြိုးပမ်း

ဗန်းမော်အနီးတိုက်ပွဲတွေပြင်းထန်ဆဲ၊ ဒေသခံအားလုံးနီးပါးစစ်ဘေးရှောင်နေရ

ကချင်ပြည်နယ် ဗန်းမော်မြို့ကို ပြန်သိမ်းနိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဒေသခံလက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်တွေ ပူးပေါင်းပြီး တစ်ကျော့ပြန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

ဒီလို ထိုးစစ်ဆင်နေတဲ့အတွက် ‌ဒေသတွင်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ‌ဒေသခံတပ်တွေနဲ့ KIA ပြန်ကြားရေးဌာနကိုကိုးကားပြီး ရှမ်းနီအသံ သတင်းဌာနက ဇန်နဝါရီလ ၁၆ ရက်နေ့က ရေးသားပါတယ်။

တိုက်ပွဲတွေဟာ တစ်နေရာတည်းမကဘဲ ဗန်းမော်မြို့အနီး စစ်ရေအရအရေးပါတဲ့ နေရာတွေ ဆက်ရှိနေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က သတင်းဌာနတွေကို ပြောပါတယ်။ ဗန်းမော်ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းနိုင်ဖို့ တိုက်ပွဲဆက်နေတာ တစ်နှစ်ကျော်ကြာခဲ့ပြီး မြို့ပေါ်ဒေသခံအားလုံး ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲလို့သိရပါတယ်။

တချိန်ထဲမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ ကချင်ပြည် နယ် နယ်စပ်၊ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ သုံးပုံနှစ်ပုံကို စစ်ကော်မရှင်တပ်က ပြန်သိမ်းနိုင်ခဲ့ပြီး ‌PDF အချို့ ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေ၊ PDF တပ်နှင့် နီးစပ်သူတွေကို ကိုးကားပြီး မြန်မာနောင်း (Myanmar Now) သတင်းဌာနက ဇန်နဝါရီလ ၂၀ ရက်နေ့မှာရေးသားထားပါတယ်။

ဒီလိုပြောဆိုရေးသားမှုတွေနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က တစုံတရာထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်မှာ စစ်ကော်မရှင်တပ်နဲ့ မဟာမိတ်ဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ် (SNA) တို့က ပူးပေါင်းထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်နေ့မှာ မြို့ရဲ့ သုံးပုံ နှစ်ပုံကို စွန့်လွှတ်လိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။