ကရင်ပြည်နယ်က ရွေးကောက်ပွဲကျင်းပမဲ့ နေရာတွေမှာ တိုက်ပွဲတွေကြောင့် လူနှစ်သောင်းခန့် စစ်

ကရင်တပြည်နယ်လုံး နှစ်မြို့နယ်ထဲမှာပဲ ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပဖို့ရှိပြီး မြို့ပေါ် ရပ်ကွက်တွေမှာသာ ကျင်းပမည်။

ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမဲ့ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်တွေမှာ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင်တပ်က ဒီရက်ပိုင်း ထိုးစစ်ဆင်လာတာကြောင့် ဒေသခံ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေပြီး ဒေသခံ နှစ်သောင်းလောက် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒီအကြောင်း RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။

ကရင်ပြည်နယ်ထဲက တော်လှန်ရေးပူးပေါင်းတပ်တွေ နယ်မြေထိန်းချုပ်မှုအားကောင်းတဲ့ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနိုင်ရေး အတွက် ဒီရက်ပိုင်းမှာ စစ်ကော်မရှင်တပ်က မြေပြင်မှာ စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းကနေပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ဇန်နဝါရီလ ဒုတိယပတ်ကတည်းက တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာတာဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေဘက်ကလည်း အင်အားအလုံးအရင်းနဲ့ တက်လာတဲ့ စစ်ကော်မရှင်တပ်ကို ကော့ကရိတ်မြို့နယ် မြောက်ပိုင်းမှာ ကြားဖြတ် တိုက်ခိုက်တာတွေလည်း ရှိနေတာပါ။

ဒီလိုတိုက်ခိုက်ခံရချိန် စစ်ကော်မရှင်တပ်က အထိနာပြီး ကော့ကရိတ်မြို့ စစ်တပ်အထိုင်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်တိုက်ခိုက်သလို တိုက်ပွဲဖြစ်ရာနေရာတွေနဲ့ ရွာတွေဘက်ကိုလည်း လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်နေရတာ လို့ဆိုပါတယ်။

လက်ရှိမှာ တိုက်ပွဲနဲ့အနီးတစ်၀ိုက်မှာရှိတဲ့ ရွာပေါင်း ၂၀ လောက်က ဒေသခံနှစ်သောင်းကျော် တိမ်းရှောင်နေရ တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒေသခံ-ကော့ကရိတ်မြို့နယ်

“ကော့ကရိတ်မြောက်ဘက်ခြမ်းဆိုရင် စစ်ရှောင် နှစ်သောင်းကျော်မယ်။ နှစ်သောင်းတော့မကဘူး နှစ်သောင်းကျော်မယ်။ လောလောလတ်လတ် အခုကတော့ အဆင်မပြေဘူး။ အဆင်မပြေပေမဲ့ ကိုယ့်အသက် အန္တရာယ်ကင်းဖို့အတွက်တော့ ကိုယ်ရှောင်တိမ်းရမဲ့နေရာတော့ သွားရှောင်တိမ်းပြီးတော့ လုံခြုံစိတ်ချရလောက်တဲ့ နေရာမှာတော့ နေတာပေါ့နော်။ ဆောင်းတွင်းပိုင်းဆိုတော့ သိတဲ့အတိုင်းပဲလေ အိမ်မှာနေသလိုမျိုး နွေးနွေးထွေးထွေးတော့ မရှိဘူးပေါ့။ တကိုယ်စာလောက်တော့ အဆင်ပြေအောင် ယူသွားရတာပေါ့။ ကလေးသူငယ်တွေပါတော့ ပိုဆိုးတာပေါ့နော်”

ကော့ကရိတ်မြို့နယ် နောင်ကိုင်း၊ မိပါလဲ၊ ကွီမောင်တိုင်၊ ထီးဖိုးဇံ၊ မြပတိုင်၊ နောင်မိ၊ နောင်ထပ္ပံ၊ နောင်ထွတ်တာ စတဲ့ ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာ ကော့ကရိတ်နဲ့ ကျုံဒိုး နှစ်မြို့ပေါင်းက ရပ်ကွက် ၁၁ ခုနဲ့ ကျေးရွာအုပ်စု ၅၃ ခု ရှိတဲ့အနက် ကျေးရွာအုပ်စု ၅၁ ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

လက်ရှိမှာတော့ ကော့ကရိတ်နဲ့ ကျုံဒုံးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်နဲ့ တပ်မိသားစုတွေ ကြိုတင်မဲပေးနေကြပြီး စစ်ဘေးရှောင်နေတဲ့ရွာတွေက ဒေသခံတွေ ရွာကိုပြန်နေဖို့နဲ့ ရွေးကောက်ပွဲနေ့ မဲမထည့်နိုင်ရင် ကြိုတင်မဲ ပေးဖို့ဆိုပြီး အာဏာပိုင်တွေဘက်က ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်နဲ့ နယ်မြေချင်း တဆက်တည်းဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်မှာတော့ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဇန်နဝါရီလ ၁၈ ရက်နေ့က မီးလောင်ချောင်းရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွေးကောက်ပွဲ ရက်နီးလာတဲ့အပြင် တိုက်ပွဲတွေလည်း ဆက်ပြင်းထန်လာနိုင်တာကြောင့် ဒေသခံတချို့လည်း ကြိုတင်တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံနဲ့ ထိုင်း-မြန်မာနယ်စပ်က ဘုရားသုံးဆူ စတဲ့ မြို့သုံးမြို့ ရှိတဲ့အနက် ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာပဲ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ဒီအပြင် အဲဒီမြို့နယ်မှာ ကျေးရွာအုပ်စု ၅၁ ခုရှိတဲ့အနက် ၅၀ မှာ ရွေးကောက်ပွဲမ ကျင်းပနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဒါကြောင့် ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးနယ်တွေမှာ ရွေးကောက်ပွဲကို ဟန်ပြကျင်းပနိုင်ဖို့အတွက်ပဲ စစ်ကော်မရှင်က စီစဉ်ထားတာလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက ဝေဖန်ပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဒီရွေးကောက်ပွဲဟာ ဒေသခံတွေကိုလည်း ကိုယ်စားမပြုသလို တရားမျှတမှုလည်း မရှိနိုင်ဘူးလို့ ပြောပါတယ်။

ပဒိုစောတောနီး-ပြောရေးဆိုခွင့်ရှိသူ (KNU)

“ဒီရွေးကောက်ပွဲက တရားမျှတမှုမရှိဘူး။ လူထုကိုလည်း ကိုယ်စားမပြုဘူး လူတွေအားလုံးလည်း ပါဝင်မှု မရှိဘဲနဲ့ သူနဲ့ဆန့်ကျင်တဲ့လူအကုန်လုံးကန်ထုတ် ဒီလိုမျိုးတရားမျှတမှု လုံး၀ကင်းမဲ့တဲ့ရွေးကောက်ပွဲမျိုးက ဘာကောင်းတဲ့ ရလဒ်တစ်ခုမှ ယူလာမှာမဟုတ်ဘူး။”

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ နာမည်ပျက်မခံဘူးလို့ ဒီဇင်ဘာလ ၂၈ ရက် ရွေးကောက်ပွဲ အပိုင်း (၁) မှာ မဲလာထည့်ချိန် မီဒီယာတွေကို ဖြေဆိုထားပါတယ်။

အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာမှာ ကျင်းပါတဲ့ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကျင်းပနေပြီး အခုနောက်ဆုံး အပိုင်းကို ကရင်ပြည်နယ်က ၂ မြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ကျင်းပမှာပါ။ ဒါပမဲ့ စစ်ကော်မရှင်က အဲဒီမြို့နယ်တွေကို အလုံးစုံ မထိန်းချုပ်နိုင်တာကြောင့် မြို့ပေါ်ရပ်ကွက် ၆၂ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၀၀၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒီရွေးကောက်ပွဲကို စစ်တပ်ကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အတုအယောင် ရွေးကောက်ပွဲဆိုပြီး ကန့်ကွက်ထားကြပါတယ်။ ။