မတ်လမှာ လွှတ်တော်ခေါ်ပြီး အာဏာလွှဲမယ်လို့ စစ်ခေါင်းဆောင်ပြော

ကျင်းပပြီး ရွေးကောက်ပွဲ ၂ ပိုင်းမှာ စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ် ဝင်ပြိုင်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ နိုင်ထားသည့်အတွက် စစ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပါတီပေါင်းပြီး စစ်တပ်ကပဲ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားမည့်အခြေအနေဖြစ်။

ရွေးကောက်ပွဲပြီးတာနဲ့ လာမဲ့မတ်လမှာ လွှတ်တော်ခေါ်မှာဖြစ်ပြီး အနိုင်ရတဲ့ အစိုးရကို လုပ်ငန်းစဉ်တွေအတိုင်း နိုင်ငံတော်တာဝန်တွေ လွှဲပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ် ခိုလမ်မြို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်မိသားစုတွေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

အဲဒီလိုလွှဲပေးနိုင်ဖို့အတွက် အပိုင်း (၁) နဲ့ (၂) ရဲ့ ရွေးကောက်ပွဲ ရလဒ်တွေကိုလည်း ပွင့်လင်းမြင်သာစွာ ကြေညာထားပြီးပြီလို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်တွေအရ ရွေးကောက်ပွဲ နှစ်ပိုင်းလုံးမှာ စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်း ချွတ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ နေရာအများစုကို အနိုင်ရထားပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ ဝင်ပြိုင်စရာမလိုတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီတို့ပေါင်းပြီး အစိုးရဖွဲ့မှာဖြစ်တာကြောင့် စစ်တပ်ကပဲ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားမဲ့ အခြေအနေလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာမှာ ပထမဆုံးကျင်းပတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်သမျှ ရွေးကောက်ပွဲတိုင်း အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖယ်ထုတ်ခဲ့ပါတယ်။

ဒီအပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ တတိယအများဆုံး အနိုင်ရရှိတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီလည်း ဖျက်သိမ်းခံထားရသလို၊ စတုတ္ထုအများဆုံးအနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကိုလည်း ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မပေးခဲ့ပါဘူး။

ဒါကြောင့် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုတည်းကပဲ နေရာအများစုကို အနိုင်ရထားအောင် အကွက်ကျကျစီစဉ်ထားတဲ့ ရွေးကောက်ပွဲလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

လက်ရှိရွေးကောက်ပွဲကျင်းပခဲ့တဲ့ အပိုင်း (၁) နဲ့ (၂) မှာလည်း ကြိုတင်မဲတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းနေ ဝေဖန်မှုသံတွေ ဆူညံခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ နာမည်ပျက်မခံဘူးလို့ ဒီဇင်ဘာလ ၂၈ ရက် ရွေးကောက်ပွဲ အပိုင်း (၁) မှာ မဲလာထည့်ချိန် မီဒီယာတွေကို ဖြေဆိုထားပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို စစ်တပ်ကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အတုအယောင် ရွေးကောက်ပွဲဆိုပြီး ကန့်ကွက်ထားကြပါတယ်။