ရွေးကောက်ပွဲ အပိုင်း (၃) မကျင်းပခင် ရက်အနည်းငယ်အလိုအထိ ရွေးကောက်ပွဲကို ပျက်ပြားအောင် ဆန့်ကျင်သူ ၄၀၄ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေအပါအဝင် သေဒဏ်အထိ ချမှတ်နိုင်တဲ့ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေနဲ့ အရေးယူထားတယ်လို့ စစ်ကော်မရှင်က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့အထိ အမှုပေါင်း ၃၃၁ မှုမှာ အမျိုးသား ၃၂၄ ဦးနဲ့ အမျိုးသမီး ၈၀ ဦးကို အရေးယူထားတာလို့ ဆိုပါတယ်။
နောက်ထပ်လည်း ရွေးကောက်ပွဲကို ထိခိုက်အောင် လှုံ့ဆော်သူ၊ ဝါဒဖြန်သူတွေကို ရှာဖွေဖော်ထုတ် အရေးယူမယ်လို့ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဇန်နဝါရီလ ၂၀ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း (၃) လုံခြုံရေးအတွက် နေပြည်တော်မှာပြုတဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ရွေးကောက်ပွဲ ဝေဖန်ဆန့်ကျင်သူတွေကို ဖမ်းဆီးထောင်ချပြီး ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတာမှာမဟုတ်ဘူးလို့ စစ်ကော်မရှင်ကို ဆန့်ကျင်နေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ရွေးကောက်ပွဲလေ့လာ စောင့်ကြည်သူတွေက ပြောပါတယ်။
“ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” လို့ခေါ်တဲ့ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေကို စစ်ကော်မရှင်က အခုကျင်းပနေတဲ့ ရွေးကောက်ပွဲမတိုင်ခင် ငါးလအလို ဇူလိုင်လကုန်ပိုင်းက ပြဌာန်းခဲ့တာပါ။
ဒီဥပဒေအရ အနိမ့်ဆုံး ထောင် ၃ နှစ်၊ အမြင့်ဆုံး တစ်သက်တစ်ကျွန်းကနေ သေဒဏ်အထိချမှတ်နိုင်တဲ့ ပုဒ်မတွေ ပါဝင်နေပါတယ်။
ဒီဥပဒေနဲ့ပဲ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြခဲ့တဲ့ ကိုရန်နိုင်ကြည်ဝင်း၊ ကိုအောင်ရဲထွဋ်နဲ့ မယမင်းထက်တို့ လူငယ်သုံးဦးကို ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းမှာ စစ်ကော်မရှင်က နှစ် ၅၀ နီးပါး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ဒီအပြင် လူသိများတဲ့ ရုပ်ရှင်ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ မိုက်တီး နဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် ၊အုန်းဒိုင်းတို့လည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေနဲ့ ထောင် ၇ နစ်ချမှတ်ခံခဲ့ရပါတယ်။
