KIA ထိန်းချုပ်နယ်မြေ မံစီနဲ့ မိုးမောက်မှာ ရွေးကောက်ပွဲပျက်

။ ပြိုင်ဘက်မရှိ တင်မြှောက်ခံထားရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကိုလည်း ‌ရွေးကောက်ပွဲပျက်သွားတဲ့အတွက် ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်။

ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ် မံစီနဲ့ မိုးမောက်မြို့နယ်တို့မှာ ရွေးကောက်ပွဲ အပိုင်း (၃) ကို မကျင်းပဖြစ်တော့ဘူးလို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီလ ၂၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် မံစီမြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ တစ်ဦးတည်း ဝင်ရောက်ယှဉ်ပြိုင်လို့ ပြိုင်ဘက်မရှိဘဲ ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံထားရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးကွမ်ဆမ်းကိုလည်း ‌ရွေးကောက်ပွဲပျက်သွားတဲ့အတွက် ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

လက်ရှိ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဗန်းမော်မြို့နယ်မှာလည်း မြို့ပေါ်ရပ်ကွက် ၁၀ ခုနဲ့ ကျေးရွာအုပ်စု ၁ ခုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှိက ထပ်မံထုတ်ပြန်ပါတယ်။

ဒါကြောင့် ဗန်းမော်မြို့နယ် တစ်မြို့နယ်လုံးမှာလည်း မြို့ပေါ်ရပ်ကွက် ၃ ခုနဲ့ ကျေးရွာအုပ်စု ၁ ခုတို့မှာပဲ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။