မြင်းခြံခရိုင်မှာရွေးကောက်ပွဲကျင်းပဖို့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေ

ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့်မြင်းခြံခရိုင်ကို စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် လူငါးထောင်ထက်မနည်း ထွက်ပြေးနေရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားကောင်းတဲ့ မြင်းခြံခရိုင်မှာ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမှာဖြစ်တဲ့အတွက် ရွာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးနေလို့ ထွက်ပြေးနေရတဲ့သူ ငါးထောင်ကျော်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြင်းခြံခရိုင်မှာရွေးကောက်ပွဲကျင်းပဖို့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေ (RFA Video)

မြင်းခြံမြို့နယ်ထဲက ပြည်တော်သာ ၊ တန်ဆောင် ၊ ဓားကျွန်း ၊ ရဲကုန်း၊ နွားရင်း စတဲ့ရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာပါ။ တောင်သာ၊ ငါန်းဇွန်နဲ့ နွားထိုးကြီးမြို့နယ်တွေမှာလည်း စစ်တပ်ကအင်အား ဖြည့်ထားပါတယ်။

မြင်းခြံမြို့မှာတော့ ရပ်ကွက် ၂၀ မှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်ထားပါတယ်။ ဒါကြောင့် စစ်အင် အားနဲ့ဖိနေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေး မြင်းခြံမြို့နယ် ကော်မတီဝင် ဦးစ က RFA ကိုပြောပါတယ်။

“မဲနဲ့ပတ်သက်လို့ နှောက်ယှက်မှာတွေ စိုးရိမ်ပြီးတော့ သူတို့ မြင်းခြံမြို့ ပတ်ချာလည်ကို စစ်ကြောင်း ထိုးနေတာ။ အခု မြင်းခြံမြို့ပတ်ချာလည်ရွာတွေကလည်း မဲပေးမယ့်စာရင်းထဲမှာ အမည်တင်ထား လည်း ဘယ်လိုမှ မဲထည့်လို့အဆင်မပြေဘူး။ မဲထည့်ရအောင်လည်း သူတို့ကကျေးရွာတွေကို မီးရှို့နေ တာ။ ဘယ်သူက ဘယ်လိုလုပ် မဲသွားပေးနိုင်မှာလဲ။ အခုပြည်သူတွေက သူတို့ကြောက်လို့ ရှောင်နေ တာ။ မဲရုံလည်း လုပ်လို့မရဘူး ”

မြင်းခြံမြို့နဲ့ လေးမိုင်လောက်ဝေးတဲ့ ဆက်ခါးရွာနားက သံမဏိစက်ရုံမှာ စစ်တပ်ကစခန်းချပြီး ရွာထဲမှာ မဲရုံတစ်ရုံ နဲ့ စက်ရုံထဲမှာတစ်ရုံ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တခြားရွာတွေမှာတော့ ဘယ်လိုမှလုပ်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။

ဇန်နဝါရီလ ၂၀ နဲ့ ၂၁ ရက် မနက်ပိုင်းမှာ မြင်းခြံရဲ့ အနောက်ဘက် ဧရာဝတီမြစ်ဘေးက ပတ္တာရွာကို စစ်တပ်က နှစ်ရက်ဆက်တိုက်စစ်ကြောင်းထိုး မီးရှို့ခဲ့သလို ဇန်နဝါရီလ ၁၇ ရက်နေ့က နွားရင်းကြီးရွာ ကို မီးရှို့ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

တောင်သာမြို့မှာလည်း ရွေးကောက်ပွဲနီးလာလို့ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ဇန်နဝါရီလ ၂၀ ရက် နေ့မှာ နတ်စောင့်ရွာကို မီးရှို့သွားတယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ နတ်စောင့်ရွာကို မနေ့က မီးရှို့တယ်။ အိမ်ခြေ ၁၇ လုံး ပါသွားတယ်။ အဲဒါပြီးတော့ သူတို့ တောင်သာမြို့ထဲကို ဝင်သွားတာပေါ့”

တောင်သာမြို့မှာလည်း မြို့ပေါ်က ရပ်ကွက် ခြောက်ရပ်ကွက်မှာပဲ ကျင်းပနိုင်မှာြဖစ်ပြီး၊ ကျေးရွာ ၇၇ အုပ်စု ရွာပေါင်း ၂၄၃ ရွာကို မကျင်းပနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ အဲဒီရက်ပိုင်းကလည်း တောင်သာနဲ့ မလှိုင်ကြားကို စစ်တပ်က ပါရာမော်တာ (စက်တပ်လေထီး) နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အခုဆိုရင် မြင်းခြံခရိုင်မှာ ရာသီဥတုအေးတဲ့အတွက်အခက်အခဲဖြစ်ရတယ်လို့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။

“ တချို့ကျတော့ ကလေးငယ်ငယ်လေးတွေ ၊ အသက်ကြီးတဲ့သူတွေ တောထဲမှာ ရှောင်နေရတာဆို တော့ ကျန်းမာရေးမကောင်းကြဘူးဗျာ။ အအေးပတ်တာပေါ့နော်။ စောင်နဲ့ဘာနဲ့ နွေးနွေးထွေးထွေး မရှိတော့ အအေးပတ်တာတွေ ကလေးတွေ ကျန်းမာရေး မကောင်းတာတွေ အခက်အခဲတွေ တော်တော်များများ ကျွန်တော့်မှာတွေ့ရတယ်ဗျ”

နွားရင်းရွာမှာ အိမ် ဆယ်လုံးလောက်နဲ့ တန်ဆောင်ရွာမှာ နေအိမ် တစ်လုံးကို မီးရှို့ခံရတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းမှာ မြို့နယ် ၂၈ မြို့နယ် ရှိပြီး မြင်းခြံခရိုင်လို စစ်ရေးတင်းမာနေတဲ့ ဒေသတွေရှိသလို မိုးကုတ်၊ စဉ့်ကူး နဲ့ နွားထိုးကြီးမြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကထုတ်ပြန်ထားပါတယ်။