ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ အလွန်ကာလတွေမှာလည်း ဥပဒေ အတိုင်းပဲ ဆက်ဖြစ်မယ်လို့ စစ်ကော်မရှင်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။
ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေ ဖမ်းမိတာနဲ့ပတ်သက်လို့ စစ်တပ်က နိုင်ငံတကာသံရုံး တာဝန်ရှိသူတွေ၊ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကို သွားရောက်ပြသပြီးနောက် ပြင်ဦးလွင်လေဆိပ်က မထွက်ခွာမှီ မီဒီယာတစ်ချို့ရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။
“ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုက နိုင်ငံရေးအမှုဆိုတာထက် ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ဟာတွေ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတို့ ဘာတို့နဲ့ပတ်သက်ပြီး စွဲဆိုခံထားရတာဖြစ်ပါတယ်။ စွဲဆိုခံထားရတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေ ပြောမယ်ဆိုရင်တော့ တရားဥပဒေအတိုင်းပဲ ဆက်ဖြစ်ပါမယ်”
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းကြောင်းနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း အမြဲမပြတ်ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရတက်လာပြီးရင် နိုင်ငံရေးထွက်ပေါက်တွေထဲက တစ်ခုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန် စစ်ကော်မရှင်ဘက်က အခုလို တုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက အကျဥ်းချခံထားရတဲ့ မိခင်ဖြစ်သူလွတ်မြောက်ရေးအတွက် ဖမ်းဆီးအကျဉ်းချထားတဲ့ စစ်ကော်မရှင်ပါအဝင် နိုင်ငံတကာ ကိုပါ ဆက်တိုက် တောင်းဆိုနေပါတယ်။
စစ်တပ်အာဏာသိမ်းချိန် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်သွယ်ဖြတ်ခံထားရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ စစ်ကော်မရှင်က လက်ရှိအချိန်ထိ ခွင့်ပြုထားတာ မရှိပါဘူး။
အသက် ၈၀ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကော်မရှင်က စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ကျခံနေရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှု ၅ မှုအတွက် ၆ နှစ် လွတ်ငြိမ်း သက်သာခွင့် ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက် ကျခံနေရတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုတွေအတွက် သူ့မှာပြစ်မရှိကြောင်း တရားခွင်မှာ ထွက်ဆိုခဲ့ တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဓာတ်ပုံ - ၂၀၂၆ ဇန်နဝါရီ ၂၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများ ပြင်ဦးလွင်တွင် ပြသအပြီး စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား တွေ့ရစဉ်။ (Photo - Voice of Myanmar)
