ဒီမိုရေစီရေးအင်အားစုတွေကို ဘေးဖယ်၊ ရွေးကောက်ပွဲလုပ်ပြီး မြန်မာစစ်တပ်ကပဲ တိုင်းပြည်ကို ဆက်အုပ်ချုပ်နေမယ်ဆိုရင် မြန်မာပြည်တွင်းမှာ တနိုင်ငံလုံး စိတ်ဝမ်းကွဲမှု ပိုကြီးထွားလာလိမ့်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုအေဂိ (Toshimitsu Motegi) က ဇန်နဝါရီ ၂၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပပြီးကတည်းက စစ်တပ်ကျော ထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲအများစုနဲ့ ရွေးကောက်ပွဲနိုင်ထားကြောင်း ကြေညာထားပြီး နောက်ဆုံးပိုင်းကို ဇန်နဝါရီ ၂၅ တနင်္ဂနွေနေ့မှာ ကျင်းပပါတယ်။
“မိမိတို့ ဂျပန်နိုင်ငံအနေနဲ့ ဒီလိုရွေးကောက်ပွဲမျိုးလုပ်နေတဲ့အတွက် မြန်မာပြည်သူတွေအကြား ပိုပြီး စိတ်ဝမ်းကွဲပါးမှုတွေ ဖန်တီးဖြစ်ပေါ်လာမှာကို အထူးစိုးရိမ်ပူပန်ကြောင်း၊ ဒီရွေးကောက်ပွဲကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြဿနာတွေ ဖြေရှင်းနိင်ဖို့ ပိုပြီး ခက်ခဲသွားမှာလည်း ပူပန်ကြောင်း” နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အကျဥ်းချဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ လွတ်ပေးပြီး ရိုးသားတဲ့ ဘက်စုံအဖွဲ့စုံ ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးအပါအဝင် နိုင်ငံရေး အရွေ့အပြောင်းအောင်မြင်ဖို့ လုံလောက်တဲ့ အားထုတ်ကြိုးပမ်းမှုမျိုး မြန်မာနိုင်ငံသားတွေကရော နိုင်ငံတကာကပါ ကြိုးပမ်းမှုမရှိခဲ့တာဟာ ဝမ်းနည်းဖို့ကောင်းတဲ့ အခြေအနေလည်းဖြစ်တယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာရွေးကောက်ပွဲဟာ ရွေးကောက်တင်မြောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားထောင်ချအပြီး ရက်စက်တဲ့ ပြည်တွင်းစစ်မီးစတင် စေခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။
