ရွေးကောက်ပွဲကာလမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၃၀ နီးပါးသေဆုံး

စစ်တပ်ကရွေးကောက်ပွဲကျင်းပနေချိန်မှာပဲ တစ်ဖက်မှာလည်း လေကြောင်းကနေ နေ့စဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၁၃၀ လောက်သေဆုံးပြီး ၂၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

ရွေးကောက်ပွဲအပိုင်း (၁) စပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပပြီးစီးတဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ နိုင်ငံအနှံ့မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၈ ယောက်သေဆုံးပြီး ၂၆၅ ယောက်ဒဏ်ရာရခဲ့တာကို RFA ကလေ့လာတွေ့ရှိရပါတယ်။

“ဒီမှာအပျက်အစီးတွေရှိနေတယ်၊ ဘုန်းကြီးကျောင်းကြီးမှန်သွားလို့။ နည်းနည်းထိတယ် သံဃာနည်းနည်းထိ တယ်”

ကချင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေးနဲ့ တနင်္သာတီတိုင်းက မြို့နယ်ပေါင်း ၃၄ မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ထက် မနည်းရှိခဲ့တာတွေ့ရပါတယ်။

ရွေးကောက်ပွဲ အပိုင်း (၃) မကျင်းပခင် သုံးရက်အလို ဇန်နဝါရီလ ၂၂ ရက်နေ့ တစ်ရက်တည်းမှာပဲ ဗန်းမော်၊ ကနီနဲ့ အောင်လံမြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၃၀ နီးပါးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ကချင်ပြည်နယ် ဗန်မော်မြို့နယ်မှာဆိုရင် စစ်ဘေးဒုက္ခသည်တွေနေတဲ့ ကောင်ဂျာရွာမှာ နာရေးဆုတောင်းပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန် ဗုံးကြဲခံရလို့ အရပ်သား ၂၃ ဦးသေဆုံးပြီး အယောက် ၂၀ လောက် ဒဏ်ရာရခဲ့ တယ်လို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။

“သေသွားတဲ့သူအားလုံးကတော့ ၂၃ ယောက်ဖြစ်သွားပြီ။ ဆေးရုံတက်နေရတဲ့အဖွဲ့တွေထဲကတော့ ၁၉ ယောက် ပေါ့ ဆေးရုံတက်နေတာ အဲဒီအထဲက ၂ ယောက်ကတော့ စိုးရိမ်ရတဲ့အဆင့်ရှိပါတယ်”

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ဆိုရင်လည်း ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနေတဲ့ တချိန်တည်းမှာပဲ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ Gyrocopter တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆားလင်းကြီးဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်အစောကြီး ၅ နာရီခွဲ ၆ နာရီလောက်ကတည်းက စကြဲနေတာ နမခ ကနေ Gyrocopter တွေနဲ့။ ဒီနေ့ရော မနေ့ကရော တောက်လျှောက်ပေါ့နော် ၃ ရက် ၄ ရက်လောက်ရှိပြီ။ မနေ့က ကြဲတာတော့ တစ်ယောက်သေ တယ်။ ပြည်သူတွေပါပဲ ပြည်သူတွေ ဒဏ်ရာရတာနဲ့ သေတာနဲ့က”

ရွေးကောက်ပွဲကျင်းပနေတဲ့မြို့နယ်တွေရော ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေကိုပါ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဒီဇင်ဘာလ ၂၄ ရက်နေ့ကဆိုရင်လည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်တွေရှိတဲ့ မူရွင်းရွာ ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲကာလ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဖြစ်ရပ်အများစုက ဂျက်တိုက်လေယာဉ်တိုက်နဲ့ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး၊ ဒရုန်း၊ စက်တပ်လေထီး (Paramotor) ၊ Gyrocopter တွေသုံးပြီး တိုက်ခိုက်ခဲ့ တာတွေလည်း ရှိပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၂ လအရွယ်ကနေ အသက် ၈၅ နှစ်အရွယ်အထိ ပါဝင်ပါတယ်။

ဒီလုပ်ရပ်တွေကိုကြည့်ရင် ရွေးကောက်ပွဲအလွန်မှာလည်း အကြမ်းဖက်မှုတွေ ရပ်တန့်မသွားနိုင်ဘူးလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ကိုထင်ကျော်အေးက ပြောပါတယ်။

ကိုထင်ကျော်အေး- ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ

“ရွေးကောက်ပွဲကစစ်အုပ်စုအတွက် တစ်ခုတည်းသော နိုင်ငံရေးထွက်ပေါက်မဟုတ်ပါဘူး။ ရွေးကောက်ပွဲက စစ်အုပ်စုအတွက် နောက်ထပ်လက်နက်ကရိယာပဲ ဖြစ်ပါတယ်။ အဲဒီအပြင်ကိုမှ ထပ်ပြီးတော့မှ လက်ရှိ ရှိနေတဲ့ စစ်ရေးနဲ့ ဖိနှိပ်မှုတွေလက်နက်ကိုလည်း ဆက်ပြီးတော့ သုံးစွဲဖို့ အလားအလာ ရှိပါတယ်”

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရ သေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၂၃၂၆ ဦးနဲ့ ဒဏ်ရာရသူ ၄၁၄၆ ဦးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက အခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။