စစ်ကော်မရှင်ဦးစီး ကျင်းပနေတဲ့ လက်ရှိ ရွှေးကောင်ပွဲကို နိုင်ငံတကာက အသိအမှတ် မပြုတာ နားမလည်(အလေးစိုက်စရာမရှိ)ဘူးဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
မန္တလေးမြို့မှာ ရောက်နေတဲ့ စစ်ခေါင်းဆောင်က ချမ်းမြသာစည်မြို့နယ်မှာ ဇန်နဝါရီလ ၂၅ ရက် ဒီကနေ့ ကျင်းပနေတဲ့ ရွှေးကောက်ပွဲမှာ မဲရုံတွေရဲ့ ဆန္ဒမဲပေးမှုတွေကို လိုက်လံ ကြည့်ရှုနေချိန် အခုလို ပြောဆိုလိုက်တာပါ။
ဒီရွှေးကောက်ပွဲကို ပြည်ပနိုင်ငံတွေက မဲပေးနေတာ မဟုတ်သလို နိုင်ငံတကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ရွှေးကောက်ပွဲကို မထောက်ခံလည်း ဆက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
“မြန်မာပြည်ထဲက ပြည်သူတွေ မဲပေးတာလေ။ သူတို့အပြင်က လူတွေ မဲပေးတာ မဟုတ်ဘူး။ မြန်မာ ပြည်ထဲ နေတဲ့လူတွေမဲပေးတာ သူတို့ ဘယ်သူပဲ ထောက်ခံ ထောက်ခံပေါ့။ ကြိုက်တာ ထောက်ခံလို့ ရတယ်။ လာပေးတဲ့သူတွေက သူတို့ ထောက်ခံချင်တဲ့ လူတွေပါလို့ မဲလာပေးတာ။ သူတို့ ထောက်ခံ ချင်တဲ့ လူတွေ မပါဘူးဆိုရင် မဲလာပေးမှာ မဟုတ်ဘူး။ ဒါကို နိုင်ငံခြား အသိအမှတ် ပြုတာ၊ မပြုတာ ကျွန်တော်တို့ နားမလည်(ပေးနိုင်)ဘူး။”
လက်ရှိ ကျင်းပနေတဲ့ ရွှေးကောက်ပွဲဟာ ပြည်သူက ရွှေးချယ်တဲ့ ပါတီဆုံဒီမိုကရေစီစနစ်ကို သွားဖို့ ရည်ရွယ်ပြီး လုပ်ခဲ့တာဖြစ်လို့ အနာဂတ်မှာ ဒီစနစ်အတိုင်း သွားမယ်လို့ သူက ဆိုပါတယ်။
မဲလာမပေးတာကလည်း သူတို့ထောက်ခံအားပေးသူမရှိလို့ လာမပေးတာ နဲ့ လုံခြုံမှုအရ လာမပေးတာ ရှိတယ်လို့ ပြောပါတယ်။
ဒိအပြင် သူက ရွှေးကောက်ပွဲအလွန် အစိုးရသစ်လက်ထက်မှာလည်း တိုင်းပြည်တိုးတက် အေးချမ်း အောင်၊ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်အောင် လုပ်ဆောင်မှာဖြစ်ပြီး ပြည်သူများက ပူးပေါင်းပါဝင်ပြီး နိုင်ငံတကာမှလည်း ပြည်တွင်းအခြေအနေမှန်တွေ သိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ရွှေးကောက်ပွဲကို အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) အနေနဲ့ လေ့လာသူများ စေလွှတ်မှာ မဟုတ်သလို ရွှေးကောက်ပွဲရလဒ်ကိုလည်း ထောက်ခံပေးမှာ မဟုတ်ဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟဆန် (Mohamad Hasen) က ဇန်နဝါရီလ ၂၀ ရက်နေ့က ပြောလိုက်ပါတယ်။
ဒီကနေ့မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း (၃) ကို နိုင်ငံအနှံ့ မြို့နယ် ၆၁ မြို့နယ်မှာ ပြုလုပ်နေပါတယ်။
မန္တလေးတိုင်းမှာတော့ မဲရုံတွေကို မနက် ၆ နာရီ ကစလို့ ဖွင့်လှစ်ထားကာ ရွှေးကောက်ပွဲ အပိုင်း (၃) က ချမ်းမြသာစည်၊ ပုသိမ်ကြီး၊ မြစ်သား၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန် နဲ့ သပိတ်ကျင်း မြို့နယ်များပါဝင်ပါတယ်။
မန္တလေးတိုင်းမှာ ၂၈ မြို့နယ်ရှိပြီး မိုးကုတ်၊ စဉ့်ကူး၊ နွားထိုးကြီးမြို့နယ်များမှာတော့ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်း မရှိဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန်ထားပါတယ်။
