ပြည်သူပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်

ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုယ်စားလှယ်ကို ကြိုတင်မဲဖြင့် ရှုံးဟုဆို။

ရွေးကောက်ပွဲ အပိုင်း (၃) မှာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်သူ့ပါတီ (PP) ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့် သွားတယ်လို့ ပါတီအတွင်းရေးမှူး ဦးကျော်ကျော်ထွေး (ခ) ကိုမာကီး က ဇန်နဝါရီ ၂၅ ရက်နေ့ ညပိုင်းမှာ RFA ကို ပြောပါတယ်။

“အသေးစိတ် ဘယ်နှမဲဘာညာတော့ တွက်နေတုန်းပဲ။ ပြောလို့ရတာတော့ ရှုံးတယ်လို့ ပြောလို့ရတယ်။ အဓိကတော့ ကြိုတင်မဲနဲ့ရှုံး တာပါ။ စက်မဲ (မဲပေးစက်) မြေပြင်မဲမှာ ဘာမှသိပ်မကွာဘူး။ ဒါပေမဲ့ ကြိုတင်မဲနဲ့ရှုံးတယ်ပေါ့နော်”

လမ်းမတော်မြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ (PP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) စတဲ့ ပါတီ ၄ ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ လက်ရှိမှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးရန်အောင်သိန်း က အနိုင်ရသွားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတိ (PP) က ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ (၂) အပြီး အမျိုးသားလွှတ်တော် ၁ နေရာနဲ့ တိုင်းဒေသ ကြီးနဲ့ပြည်လွှတ်တော် ၆ နေရာ စုစုပေါင်း ၇ နေရာ အနိုင်ရထားပါတယ်။ ။