ရွေးကောက်ပွဲ အပိုင်း (၃)ကျင်းပရာ နယ်တချို့ တိုက်ခိုက်ခံရ

မြင်းခြ။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် လယ်သစ်ရွာ စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ်စခန်းကို လက်နက် ကိုင် တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာမှာ ဒေသခံတွေ လုံခြုံရေး စိုးရိမ်ပြီး မဲလာ မပေးတော့တဲ့အတွက် ရွေးကောက်ပွဲ ပျက်သွားတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်း လယ်သစ်ရွာရှိ မဲရုံအနီး ဒရုန်းနဲ့ ဗုံးချခံရတာလို့ မြင်းခြံနယ်ခံက Mandalay Free Press သတင်းဌာနကို ပြောပါတယ်။

အလားတူ မွန်းလွဲ ၁ နာရီကျော်အချိန် မြင်းခြံမြို့ပေါ်က စစ်ကော်မရှင် ကျောထောက် နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံး ဒရုန်းနဲ့ဗုံးနှစ်လုံးချ တိုက်ခိုက်ခံ ရပေမယ့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ မြင်းခြံမြို့နယ်မှာ မြင်းခြံမြို့နဲ့ ဆီမီးခုံမြို့ အပါအဝင် မြို့ပေါ်ရပ်ကွက် ၂၄ နဲ့ ကျေးရွာအုပ်စု ၆၄ ခု ရှိပြီး နယ်မြေ မစိုးမိုးနိုင်တာကြောင့် မြို့ပေါ် ရပ်ကွက် လေးခုနဲ့ ကျေးရွာအုပ်စု ၅၆ မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စုက ကြေညာထားပါတယ်။

တချိန်ထဲမှာလည်း ရွေးကောက်ပွဲအပိုင်း ၃ ကျင်းပနေတဲ့ ပဲခူးတိုင်း၊ ဖြူးမြို့ပေါ် နေရာ ၆ ခုမှာ ဇန်နဝါရီ ၂၅ မနက်ပိုင်းက ချိန်ကိုက်မိုင်းမျာနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲအား အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။