လွှတ်တော်ကိုယ်စားလှယ် ၆၈၈ ဦးတင်မြှောက်၊ ရွေးကောက်ပွဲအောင်မြင်ဟု စစ်ကော်မရှင်ပြောကြား

ပြည်သူ့လွှတ်တော် အမတ် ၂၆၃ နေရာ၊ အမျိုးသားလွှတ်တော် အမတ် ၉၉ နေရာ၊ တင် မြောက်ခဲ့။

ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းမှာ ဆန္ဒမဲလာရောက်ပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်နဲ့ ၅၄ ရာခိုင်နှုန်းခန့် မဲပေးခဲ့ပြီး ရှိခဲ့ပြီး၊ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်မှာ အောင်မြင်စွာ ကျင်းပနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၆၈၈ ဦးကို ရွေးခြယ်တင်မြှောက်နိုင်ခဲ့တယ်လို့ စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၂၆ ရက်နေ့က ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်တွင် အပိုင်း (၁)အဖြစ် ၁၀၂ မြို့နယ်၊ ၂၀၂၆ ဇန်နဝါရီလ ၁၁ ရက်တွင် အပိုင်း (၂)အဖြစ် မြို့နယ် ၁၀၀၊ ဇန်နဝါရီလ ၂၅ ရက်တွင် အပိုင်း (၃) အဖြစ် ၆၁ မြို့နယ်။ စုစုပေါင်း ၂၆၃ မြို့နယ်မှာ အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ စစ်ကော်မရှင်ပြောခွင့်ရသူက ပြောပါတယ်။

ဒီရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော် ၂၆၃ နေရာ၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နဲ့ ၇၃ နေရာ၊ အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ၂၆ နေရာ ရွေးကောက်တင် မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကာလ နိုင်ငံတကာက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ သတင်းထောက်တွေ လာရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီထုတ်ပြန်ချက်မှာ ‌ရွေးကောက်ပွဲကာလ မြို့နယ် ၃၄ နယ်မှာ တိုက်ခိုက်မှုတွေကြုံခဲ့ရပြီး ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး တခြားဝန်ထမ်း ၂ ဦးနဲ့ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

RFA က သီးသန့် လေ့လာတွေ့ရှိချက်တွေအရ ရွေးကောက်ပွဲအပိုင်း (၁) ကနေ အပိုင်း (၃) ကျင်းပပြီး စီးတဲ့ အချိန်အထိ နို်ငံတဝန်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၂၈ ဦးသေဆုံးခဲ့ပြီး ၂၆၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို စစ်တပ်ကိုဆန့်ကျင်နေတဲ့ ဒီမိုကရေစီ‌ရေးလှုပ်ရှားသူတွေ၊ လက်နက်ကိုင်ခုခံနေတဲ့ အင်အားစုတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အတုအယောင် ရွေးကောက်ပွဲဆိုပြီး ကန့်ကွက်ထားကြပါတယ်။