အီရန်နိုင်ငံဟာ နိုင်ငံတကာက ပိတ်ဆို့အရေးယူထားတဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီ တန်ချိန်ပေါင်း သိန်းနဲ့ချီပြီး လျှို့ဝှက်တင်ပို့ရောင်းချခဲ့ကြောင်း ရိုက်တာစ် (Reuters) သတင်းဌာနက စုံစမ်းဖော်ထုတ် လိုက်ပါတယ်။
စစ်ကော်မရှင်ဟာ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ အရှိန်မြှင့်နေတဲ့အချိန်မှာ အီရန်ဟာ မြန်မာစစ်တပ် အဓိကလိုအပ်နေတဲ့ လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းမီးကျောက် ထုတ်တဲ့အခါ သုံးရတဲ့ ယူရီးယား (Urea) ကို အဓိက ထောက်ပံ့တဲ့သူ ဖြစ်နေတယ်လို့ဆိုပါတယ်။ ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံ စလုံးအပေါ် ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်နေတာဖြစ်တယ် လို့လည်း ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ “သန္တာကျောက်တန်း” (Reef) အမည်ရှိတဲ့ အီရန် ရေနံတင် သင်္ဘောဟာ အီရတ်နိုင်ငံ ဘာဆရာရ်ဆိပ်ကမ်းနားမှာရှိနေတယ်လို့ တည်နေရာပြစနစ်အရ အချက်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီဆိပ်ကမ်းမှာ ရှိသယောင်နေရာ လွှဲပြထားတာဖြစ်ပြီး တကယ်တော့ အီရန်နိုင်ငံရဲ့ ဘန်ဒါအက်ဘတ်စ် ဆိုတဲ့ဆိပ်ကမ်းမှာ လေယာဥ်ဆီတွေတင်နေတာလို့ ဆိုပါတယ်။
ပင်လယ်ကူးကုန်သင်္ဘောတွေဟာ AIS လို့ခေါ်တဲ့ အလိုအလျောက်မှတ်ပုံတင်ပြစနစ်ကိုသုံးပြီး သူတို့တည်နေရာကိုဖော်ပြဖို့လိုအပ်ပါတယ်။ ဒါကြောင့် Reef သင်္ဘောကထုတ်လွှင့်ခဲ့တဲ့ သင်္ဘော လမ်းကြောင်းအရ ၂၀၂၅ စက်တင်ဘာ ၁၆ ရက် မနက် ၇ နာရီခွဲလောက်မှာ Reef ၏ AIS အချက်ပြမှု အရ သင်္ဘောဟာ အီရတ်နိုင်ငံ ဘာဆရာရ်ဆိပ်ကမ်းနားမှာရှိနေပါတယ်။
ဒါပေမဲ့ ၃ မိနစ်အကြာမှာပဲ အဲဒီသင်္ဘောဟာ သူတည်ရှိတယ်လို့ပြထားတဲ့နေရာကနေ ကီလိုမီတာ ၃၃၀ လောက်အကွာ အီရန်နိုင်ငံ ဘန်ဒါအက်ဘတ်စ်ရဲ့ ဆိပ်ကမ်းမှာရောက်နေပြီလို့ အချက်ပြတာတွေ့ရ ပါတယ်။ ဆယ်နာရီလောက်ကြာအောင်မောင်းရမယ့်ခရီးကို ၃ မိနစ်နဲ့ရောက်နေတာပါ။
တခါ အဲဒီသင်္ဘောဟာ အီရန်မှာ ကုန်ပစ္စည်းတင်ပြီး ဟော်မုဇ်ရေလက်ကျား (Strait of Hormuz) ကို ဖြတ်သန်းခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ တည်နေရာကို တိတိကျကျထုတ်လွှင့်ခဲ့တာတွေ့ ရပြီး နှစ်ပတ် လောက်အကြာမှာတော့ အိန္ဒိယနိုင်ငံတောင်ဘက်စွန်းကို ကွေ့ပတ်ပြီးတဲ့နောက်မှာ တည်နေရာ ကို ပြန်လိမ်ခဲ့တယ်လို့ထောက်ပြပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့မှာ Reef သင်္ဘောဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း (Chittagong) ဆိပ်ကမ်းကို ဦးတည်နေသယောင်ပြခဲ့ပြီး၊ အဲဒီနေ့ညမှာတော့ ရန်ကုန်မြို့နားက မြန်မာ့ရေနံဆိပ်ကမ်းမှာ ရောက်နေတဲ့အကြောင်း တကယ့်တည်နေရာကို အချက်ပြခဲ့တယ်လို့ ဆောင်းပါးကဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ အဲဒီသင်္ဘောဟာ မြန်မာနိုင်ငံကနေ အီရန်ကို ပြန်ဦးတည်နေခဲ့တယ်လို့ဆိုပါတယ်။
ဒါကြောင့် အီရန်သင်္ဘောဟာ လျှို့ဝှက်အချက်ပြစနစ်ကို လှည့်ဖျားအသုံးပြုပြီး တိုက်လေယာဉ် အကြိမ်ပေါင်း ထောင်ချီပျံသန်းနိုင်တဲ့လေယာဉ်ဆီ တန်ချိန် ၁၆,၀၀၀ ကျော်ကို မြန်မာနိုင်ငံမှာလာပို့ သွားတာလို့ဆိုပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အီရန်နိုင်ငံဟာ “Reef” နဲ့ “Noble” ဆိုတဲ့ သင်္ဘောတွေနဲ့ မြန်မာစစ်ကော်မရှင်ကို လေယာဉ်ဆီ စုစုပေါင်း တန်ချိန် တစ်သိန်းခုနှစ်သောင်းခွဲ လောက်ကို ၉ ကြိမ်ခွဲပြီး ပေးပို့ခဲ့တဲ့အကြောင်း ရိုက်တာစ်က လေ့လာခွင့်ရခဲ့တဲ့ သယ်ယူပို့ဆောင်ရေး ဆိုင်ရာမှတ်တမ်းတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ အမေရိကန်အခြေစိုက် Syn Max စုံစမ်းထောက်လှမ်း ရေးအဖွဲ့ရဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာချက်တွေအရ သိရတယ်လို့ဆိုပါတယ်။
ဒီအထောက်အထားတွေအရ အီရန်ဟာ မြန်မာစစ်တပ်အတွက် လေယာဥ်ဆီအဓိကပံ့ပိုးနေတာကို တွေ့ရတယ်လို့ဆိုပါတယ်။ အဲဒီအပြင် အီရန်ကပို့ပေးတဲ့အထဲမှာ ယူရီးယား တန်ချိန် ရာပေါင်းများစွာ ပါဝင်နေတာတွေ့ရတယ်လို့လည်းထောက်ပြပါတယ်။ ယူရီးယားဟာ ဓာတ်မြေသြဇာကုန်ကြမ်းဖြစ် ပေမယ့် မြန်မာစစ်တပ်မှာတော့ ခဲယမ်းမီးကျောက်ထုတ်လုပ်ဖို့သုံးတဲ့အကြောင်း စီဒီအမ်ဗိုလ်ကြီးတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီးရေးထားပါတယ်။
ပြည်တွင်းစစ်မှာလေကြောင်းသုံးတိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ကို လောင်စာဆီရောင်းနေတာနဲ့ ပတ်သက်လို့ အီရန်အစိုးရအနေနဲ့တာဝန်ခံသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးက မှတ်ချက်ပေးပါတယ်။
ဒါနဲ့ပတ်သက်လို့ အီရန် ကုလသမဂ္ဂရုံးကိုမေးပေမယ့် မှတ်ချက်ပေးဖို့ငြင်းဆိုသလို။ မြန်မာစစ် ကော်မရှင်ကလည်း အကြောင်းမပြန်ဘူးလို့ ရိုက်တာစ်ဆောင်းပါးမှာရေးထားပါတယ်။ Reef နဲ့ Noble သင်္ဘောပိုင်ရှင်တွေကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့လည်း သူတို့ဖော်ပြထားတဲ့ အီးမေးလ်လိပ်စာတွေက အသုံးပြုလို့မရဘူးလို့ဆိုပါတယ်။ အဲဒီသင်္ဘောတွေနဲ့ ပိုင်ရှင်ကုမ္ပဏီဖြစ်တဲ့ Sea Route Ship Management FZE ကို ၂၀၂၄ မှာ အမေရိကန်က အရေးယူပိတ်ဆို့ထားပါတယ်။
အခု ဇန်နဝါရီလမှာလည်း Reef သင်္ဘောဟာ လောင်စာဆီတွေတင်ပြီး ရန်ကုန်မြို့ဘက်ကို ဦးတည် နေတယ်လို့ ရိုက်တာစ်ဆောင်းပါးက ရေးသားထားပါတယ်။
ဓာတ်ပုံ - စစ်တကောင်းဆိပ်ကမ်းကို ဦးတည်နေသယောင်ခုတ်မောင်းလာခဲ့ပြီးမှ ရန်ကုန်ဆိပ်ကမ်းကို သွားရောက် လောင်စာဆီရောင်းချခဲ့တဲ့ အီရန်လောင်စာသင်္ဘောလမ်းကြောင်း (Reuters)
