မြန်မာနိုင်ငံမှာ နိုင်ငံနဲ့ တစ်ဝန်း ပြည်တွင်းစစ်တွေ ပြင်းထန်နေပြီး စစ်ကော်မရှင်က နယ်မြေအများစုကို လက်လွှတ် ဆုံးရှုံးချိန်မှာ တရုတ်က မြန်မာ့အရေးမှာ ကြားနေသူ အဖြစ်ကနေ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံ ကူညီလိုက်တာဟာ ကြီးမားတဲ့ မဟာဗျူဟာမြောက် လောင်းကစား ပြုလုပ်လိုက်တာ ဖြစ်တယ်လို့ တရုတ်အရေး လေ့လာစောင့်ကြည့်သူတွေက RFA ကို ပြောပါတယ်။
စစ်ကော်မရှင် ရွေးကောက်ပွဲမှာ တရုတ်ဘက်ကနေ မဲပေးစက်တွေ၊ မဲရုံနဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ ကူညီမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီ့အပြင် ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့အတွက် ငွေကြေးအရ ရန်ပုံငွေပုံစံ ကူညီမှုတွေ နဲ့ သင်တန်းပေးတာမျိုးတွေ ကြားသိရတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောကြပါတယ်။ ဒီ ရွေးကောက်ပွဲကနေ တရုတ်နိုင်ငံအတွက် တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိပေမယ့် အဲဒီကနေ နိုင်ငံရေး ဖြစ်စဉ်တစ်ခု ပြန်ဖြစ်လာပြီး တည်ငြိမ်မှု ပြန်ဖြစ်လာမလား ဆိုတဲ့ တရုတ်နိုင်ငံဘက်က မျှော်လင့်ချက်ကလည်း ရှိနေတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် ရွေးကောက်ပွဲကို ထောက်ခံကူညီနေတာဟာ စစ်ကော်မရှင်က ရေရှည်မှာ နိုင်တာ ရှုံးတာထက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတစ်ခုကို တရုတ်က လိုလာနေတာကို ဖော်ပြနေတာပဲလို့ တရုတ်အရေးကျွမ်းကျင်သူတစ်ဦးက RFA ကို ပြောပါတယ်။
တရုတ်အရေးကျွမ်းကျင်သူတစ်ဦး -
“တရုတ်နိုင်ငံအနေနဲ့ကတော့ သူတို့ ရှုံးသွားရင်လည်း သူတို့ လောင်းခဲ့တဲ့ မြင်းက ရှုံးသွားခဲ့ရင်လည်း သူတို့အနေနဲ့ လွှတ်ချထားခဲ့ပြီး သူတို့နိုင်မယ့်သူနဲ့ အဆင်ပြေအောင် ပေါင်းမယ်ဆိုတာ တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒကို ပြန်ကြည့်ရင် ကြည့်လို့ရတယ်ပေါ့။ တရုတ်နိုင်ငံ အတွက်ကတော့ အင်အားကြီး နိုင်ငံကြီးလည်း ဖြစ်နေတယ် မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အစိုးရပဲ တက်တက် တရုတ်နဲ့ ကင်းလို့ မရတဲ့ အတွက်ကြောင့် မို့လို့ ဘယ်သူပဲနိုင်နိုင် ရှုံးရှုံး တရုတ်အတွက်ကတော့ အဲလောက်ကြီး ကြီးမားနစ်နာမှု ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မမြင်မိဘူး။”
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျိခွမ်း (Guo Jiakun) က ဇန်နဝါရီလ ၂၆ ရက်နေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း သုံးပိုင်းစလုံးကို တည်ငြိမ်အေးချမ်းစွာနဲ့ စနစ်တကျ ကျင်းပနိုင်ခဲ့တဲ့အပေါ် တရုတ်နိုင်ငံက ဂုဏ်ပြုတယ်လို့ ပြောဆို လိုက်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဒီရွေးကောက်ပွဲကို တော်လှန်ရေးအဖွဲ့တွေက ရသမျှ ဆန့်ကျင်တိုက်ခိုက်ခဲ့သလို လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြည်တွင်း၊ ပြည်ပတွေက ဆန့်ကျင် ဝေဖန်မှုတွေ ရှိပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာမှာ တရားမဝင်တဲ့ စစ်ကော်မရှင်ကို ရွေးကောက်ပွဲကတစ်ဆင့် တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြန်ရအောင် တရုတ်က လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး -
“တရုတ်အစိုးရကလေ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီအားပေး ထောက်ခံတယ်ဆိုတာထက် တကယ်တမ်းကျတော့ စစ်တပ်ကိုက တရုတ်ခိုင်းတဲ့အတိုင်း လိုက်လုပ်နေရတာ ကျွန်တော်တို့ သွားမြင်တယ်။ စစ်တပ်ရဲ့ လူရာဝင်မှု ပျောက်နေတဲ့ အခါကျတော့ နိုင်ငံတကာ ဆက်ဆံရေးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သံတမန်ရေးရာတွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက ဘယ်လိုမှ လူရာမဝင်တဲ့ အခြေအနေတစ်ရပ်ကို တရုတ်က လူရာမဝင် ဝင်အောင် ဖန်တီးနေတာလို့ ကျွန်တော်တို့ မြင်ပါတယ်။”
တရုတ်က သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ်လိုမှုနဲ့ မြန်မာ့အရေးမှာ ကြားနေတာမဟုတ်ဘဲ ချယ်လှယ် နေတာ ဖြစ်ပြီး သူ့ရဲ့ ရုပ်သေးအစိုးရကို လိုချင်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိ စစ်ကော်မရှင်အပေါ် တရုတ်ရပ်တည် ထောက်ခံလာတာဟာ မြန်မာပြည်သူ လူထုကြားမှာ တရုတ်ဆန့်ကျင်ရေးတွေ ပိုတိုးလာနိုင်တယ်လို့ တရုတ်အရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
တရုတ်အရေးကျွမ်းကျင်သူ -
“လက်ရှိမှာ မင်းအောင်လှိုင်နဲ့ ဒီလက်နက်ကိုင် စစ်ကောင်စီကို တရုတ်က ထောက်ခံလိုက်တယ်ဆိုရင် စစ်တပ်က ဆိုးလာတာနဲ့အမျှ တရုတ်က အားပေးလို့ ပိုဆိုးတဲ့ အမြင်ကလည်း တစ်ဖက်မှာ တက်လာစ ရာတော့ ရှိတယ်ပေါ့။ တရုတ်ဆန့်ကျင်ရေးက ပိုအားကောင်းလာမယ်။ ဒါပေမဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေအပေါ် ဘယ်လို သက်ရောက်မယ်ဆိုတာ ပြောရခက်တယ်ပေါ့။”
တရုတ်နိုင်ငံဟာ စစ်တပ်နဲ့ ဆန့်ကျင်ခုခံတော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ယှဉ်တဲ့အခါမှာ တော်လှန်ရေး အင်အားစု အများစုက အနောက်နိုင်ငံတွေနဲ့ အဆင်ပြေတယ်ဆိုတဲ့ အမြင်လည်း ရှိနေတယ်လို့ ပြောပါတယ်။
NUG ဘက်က တရုတ်ကို ထိတွေ့ဖို့ ကြိုးစားတာတွေ ရှိပေမယ့် စစ်တပ်ကို ဆန့်ကျင်ခုခံတော်လှန် နေတဲ့ အဖွဲ့တွေက တရုတ်ကို နှစ်သက်လိုလားတာ မတွေ့ရပါဘူး။
တစ်ဖက်မှာလည်း တရုတ်နိုင်ငံဟာ အစကတည်းက သူနဲ့ နယ်နိမိတ်မှာ နီးစပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ (EAO) အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ မဆက်ဆံရဘူးဆိုတဲ့ စကားတွေကို ပြောခဲ့တာ ရှိခဲ့တယ်လို့ သိရပါတယ်။
အထူးသဖြင့်တော့ လက်နက်ကိုင် ဆန့်ကျင်ခုခံတော်လှန်ရေး ငါးနှစ်တာ အတိုင်းအတာ အထိ ကြာလာတဲ့ အခါမှာ တရုတ်နိုင်ငံရဲ့ အမြင်က ပိုရှင်းလင်းလာတာကို တွေ့လာရပါတယ်။ ဒါကြောင့် စစ်တပ်ကို ထောက်ခံလိုက်တာဟာ ရှုပ်ထွေးမှု သက်သာသလို အနောက်နိုင်ငံတွေနဲ့ နီးစပ်သွားတာမျိုး မရှိနိုင်တော့ဘဲ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကို ဆက်ပြီး ထိန်းသိမ်းထားနိုင်တယ်လို့ လေ့လာသူတွေ ဆိုကြပါတယ်။
စစ်ကော်မရှင်က နိုင်ငံတဝန်းမှာ ဒီဇင်ဘာ ၂၈ ရက်၊ ဇန်နဝါရီလ ၁၁ နဲ့ ၂၅ ရက်တွေမှာ ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းနဲ့ ကျင်းပခဲ့ပြီး လာမယ့် မတ်လအတွင်းမှာ လွှတ်တော်ခေါ်ယူကာ အစိုးရသစ် ဖွဲ့စည်း ပေးမယ်လို့ စစ်ကော်မရှင် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။ ။
